News

POST TYPE

LATEST NEWS POST

မစ္စတာ ရော့ဒန်ကလေကို ဒုတိယအကြိမ်မြောက် ရုံးထုတ်
ရန်ကုန်၊ ဇူလိုင် ၁၂ 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံရသူ ဩစတြေးလျနိုင်ငံသား မစ္စတာ ရော့ဒန်ကလေ အပါအဝင် ၇ ဦးကို ဇူလိုင်လ ၁၂ ရက်နေ့က အနောက်ပိုင်းခရိုင် တရားရုံးတွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း အမှုကို မစစ်ဆေးဖြစ်သေးကြောင်း ယင်းတရားရုံးထံမှ သိရသည်။ 

“ဒီနေ့ရုံးချိန်းမှာ တရားစွဲဆိုခံရသူတွေဘက်က ရှေ့နေပါဝါတင်တာမို့ မစစ်ဆေးဖြစ်ဘူး။ ဇူလိုင်လ ၂၅ ရက်နေ့ ရုံးချိန်းထပ်ချိန်းလိုက်တယ်”ဟု ယင်းတရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင် ပင်ခံပုဂ္ဂိုလ်ဟုဆိုသော အသက် ၆၀ နှစ် ဩစတြေးလျနိုင်ငံသား မစ္စတာရော့ဒန်ကလေ နေထိုင်သည့် ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ စမ်းရေတွင်းလမ်းရှိ နေအိမ်ကို ဇွန်လ ၆ ရက် ညပိုင်းက ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ရော့ဒန်ကလေနှင့်အတူ ဗြိတိန်နိုင်ငံသား မစ္စတာဂျွန်မက်ကန်ဇီ (အသက် ၆၃ နှစ်) နှင့် မြန်မာအမျိုးသားတစ်ဦး၊ အမျိုးသမီးတို့ကို နေအိမ်တွင်းတွေ့ရှိခဲ့ပြီး ယင်းနေအိမ်ထဲမှ မူးယစ်ဆေးဝါးများနှင့် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများမှာ WY စာတန်းပါ စိတ်ကြွဆေးပြား ၇၀၀ ပြား၊ အိုက်စ် ၂၆၅ ဂရမ်၊ ဘိန်းဆီခဲသုံးခဲ၊ ဆေးခြောက်နှင့် ဘိန်းဖြူတို့ကို သိမ်းဆည်းရမိခဲ့သောကြောင့် မစ္စတာရော့ဒန်ကလေ အပါအဝင် ကိုးဦးကို ဗဟန်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ 

ဖမ်းမိသူကိုးဦးအနက် နှစ်ဦးမှာ ယင်းနေအိမ်မှ အလုပ်သမားများဖြစ်သောကြောင့် တရားစွဲဆိုရန် ခိုင်လုံမှုမရှိကြောင်း ဥပဒေရုံး၏ အကြံပြုချက်အရ အနောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ရာတွင် မပါဝင်တော့ဘဲ ရော့ဒန်ကလေအပါအဝင် ခုနစ်ဦးကိုသာ ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က စတင်တရားစွဲဆိုခဲ့ကြောင်း တရားရုံးထံမှသိရသည်။ 

S-03