News

POST TYPE

LATEST NEWS POST

နာဂလူမျိုးများ ခန္တီးဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုလုပ်ငန်းတွင် မပါဝင်ရန်သတိပေး
12-Jul-2018

ကလေး၊ ဇူလိုင် ၁၂ 

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့တွင် ပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် စိုက်ထူမှု အခမ်းအနား အစီအစဉ်များတွင် ယင်းဒေသရှိ နာဂလူမျိုးများအနေနှင့် တက်ရောက်ပါဝင်ခြင်းမပြုရန် စာထုတ် အသိပေးထားကြောင်း နာဂအမျိုးသားရေးရာ ကောင်စီထံမှ သိရသည်။

နာဂလူမျိုးများအနေနှင့် အဖွဲ့အစည်းအနေနှင့်သော်လည်ကောင်း၊ တစ်ဦးချင်းအနေနှင့်သော်လည်းကောင်း၊ နာဂရိုးရာ ဝတ်စားဆင်ယင်မှုများဖြင့် ပွဲတက်ရောက်ခြင်း လုံးဝမပြုလုပ်ရန် အပါအဝင် အချက် ငါးချက်ကို ထုတ်ပြန် အသိပေးထားခြင်းဖြစ်ကြောင်း နာဂအမျိုးသားရေးရာ ကောင်စီဥက္ကဋ္ဌ ကိုအထောင်း မကူရီ (Athong Makury) က ပြောကြားသည်။

“မြန်မာနိုင်ငံမှာလည်း အရေးကြီးတဲ့လုပ်ငန်းတွေ အများကြီးရှိပါတယ်။ ဒေသတွင်းမှာ ပဋိပက္ခဖြစ်စေတဲ့အရာတွေလည်း ဒေသတွင်းမှာရှိတဲ့ အစိုးရအာဏာပိုင်တွေအနေနဲ့လည်း မလုပ်သင့်ဘူး။ အဲဒီလိုလုပ်မယ့်အစား ဌာနေဒေသခံ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို မြှင့်တင်ပေးဖို့ သူတို့ရဲ့အမျိုးသားရေး စရိုက်၊ သင်္ကေတ၊ လက္ခဏာတွေကို မြှင့်တင်ပေးဖို့ လိုအပ်မယ်”ဟု ၎င်းကဆိုသည်။

ခန္တီးမြို့တွင်ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုသည် ခန္တီးမြို့ဆိပ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်ရာ ဆိပ်ကမ်းမှထားရှိမည့်နေရာသို့ ဇူလိုင်လ ၁၅ ရက်နေ့တွင် သယ်ယူမည်ဖြစ်ပြီး ဖွင့်ပွဲကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

“ပါတီအတွက်လည်း မဟုတ်ဘူး။ လူမျိုးအတွက်လည်း မဟုတ်ဘူး။ ဘာသာအတွက်လည်း မဟုတ်ဘူး။ တိုင်းရင်းသားပေါင်းစုံ အမျိုးသားရေးအနေနဲ့ အမျိုးသားခေါင်းဆောင် တစ်ယောက်အနေနဲ့လုပ်တာ။ ဒီပွဲကိုမတက်ဖို့ သတိပေးမှုကတော့ လူတစ်ကိုယ် အကြိုက်တစ်မျိုးစီပေါ့ ပြောစရာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ အားလုံးကို ဖိတ်ခေါ်ထားတယ်”ဟု အဆိုပါကော်မတီဝင် ဦးထွန်းထွန်းဦးက ပြောဆိုသည်။

အဆိုပါ ရုပ်တုကို ခန္တီးမြို့နယ်၊ ချင်းတွင်းမြစ်ကူးတံတားအနီး လမ်းဆုံ၌ထားရှိရန် စီစဉ်ထားကြောင်း ခန္တီးမြို့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

R-20