News

POST TYPE

LATEST NEWS POST

NCA ထိုးမထိုး ပြောရန် စောသေးကြောင်း ဗိုလ်ချုပ်ဂွမ်မော်ပြော
12-Jul-2018 tagged as NCA

နေပြည်တော်၊ ဇူလိုင် ၁၂

တိုင်းရင်းသားလက်နက်ကိုင်များ ကို NCA လက်မှတ်ရေးထိုးရန် တပ်ချုပ်ပြောကြားထားသော်လည်း လက်မှတ်ထိုးမထိုးမှာ ပြောရန်စောသေးကြောင်း KIA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွမ်မော်က ပြော ကြားလိုက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး တည်းခိုရာ ဟိုတယ်သို့ ပြန်လည် ရောက်ရှိလာချိန်တွင် မီဒီယာများကို ၎င်းက“ NCA ထိုးဖို့မထိုးဖို့ကို ပြောဖို့ စောပါသေးတယ်၊ ဘာပဲပြောပြော ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

“ဝ”အဖွဲ့၊ SSPP၊ မိုင်းလားနှင့် ကေအိုင်အိုတို့သည် နိုင်ငံတော်အတိုင်ပင်ခံနှင့် ယနေ့ ညနေပိုင်းတွင် အလွတ်သဘောတွေ့ဆုံခဲ့ရာတွင် “ဝ”အဖွဲ့မှ ဦးကျောက်ကော်အန်းကဦးစီး၍ NCA အပေါ်တွင် ထားရှိသည့်သဘောထားကို ပြောကြားခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံအနေနှင့်လည်း သဘောထားအချို့ကို ရှင်းပြခဲ့ကြောင်း ဗိုလ်ချုပ်ဂွမ်မော်ကဆိုသည်။

NCA လက်မှတ်မထိုးရသေးသည့် မြောက်ပိုင်းအဖွဲ့ ၇ ဖွဲ့သည် ယမန်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံစဉ် ချိတ်ဆက်မှုတစ်ခုကို လုပ်ဆောင်ရန် ပြောကြားခဲ့ပြီး ယင်းတွေ့ဆုံခြင်းတွင် KIO ၏ အကြောင်းအရာကို ဆွေးနွေးခြင်းမဟုတ်ဘဲ အဖွဲ့ ၇ ဖွဲ့၏အရေးကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

အတိုင်ပင်ခံနှင့်တွေ့ဆုံစဉ် အစီအစဉ်တကျသွားနေသော ပင်လုံအစည်းအဝေးကဲ့သို့မဟုတ်ဘဲ အခြားသော အချိန်တစ်ခုတွင် သီးသန့် ဆွေးနွေးသင့်သည်ဟု မှတ်ချက်ပြုခဲ့ကြောင်း ၎င်းကထပ်လောင်း ပြောသည်။

အဓိကအားဖြင့် မြောက်ပိုင်း ၇ ဖွဲ့ နှင့် တွေ့ဆုံခြင်းသည် တိုက်ပွဲများ လျော့ကျရေးအတွက်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက MICC တွင် ယနေ့ ညနေပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

S-01