News

POST TYPE

LATEST NEWS POST

ပယောဂဆရာကို လူသေမှုဖြင့် အမှုဖွင့်
ပုသိမ်၊ ဇူလိုင် ၁၁

ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ငမြင်းချောင်းရွာတွင် ဇူလိုင် ၉ ရက်နေ့ ည ၁၁ နာရီဝန်းကျင်က ပယောဂကုသရာမှ လူသေဆုံးခဲ့သဖြင့် ကုသသည့် ပယောဂဆရာကို ကျုံမငေးနယ်မြေရဲစခန်းက ဖမ်းဆီး အမှုဖွင့်အရေးယူထားကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ ကျေးရွာနေ ဝေမင်းဦး (၂၄ နှစ်) ကို လပွတ္တာမြို့ အမှတ် ၉ ရပ်ကွက်နေ ပယောဂဆရာ အောင်အောင်ထွန်း (ခေါ်) အီဗရာဟင် (၃၀ နှစ်) က ပယောဂကုသရာတွင် ရိုက်နှက်ကုသသဖြင့် ဒဏ်ရာများရရှိပြီး သေဆုံးခဲ့သည့်အတွက် သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးမာမက် (ခေါ်) ဦးစိုးစိုး (၄၉ နှစ်) က အမှုဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့မှူးရုံးမှ ပထမတန်းအရာရှိ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

သေဆုံးသူ ဝေမင်းဦးသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက နေ့၊ ည အိပ်ချိန်များ၌ အော်ဟစ်ရုန်းကန်တတ်သည့် ရောဂါဖြစ်ပွားခဲ့သည့်အတွက် တစ်ရွာတည်းနေ ဦးဝင်းရွှေ၏ ဆက်သွယ်ပေးမှုဖြင့် ပယောဂဆရာက ဦးဝင်းရွှေအိမ်တွင် ခေါ်ဆောင်ကုသခဲ့ရာမှ ၈ ရက်ခန့်အကြာတွင် ဦးဝင်းရွှေ လာခေါ်သဖြင့် မိဘဆွေမျိုးများ သွားရောက်ကြည့်ရှုရာ ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးမာမက်(ခေါ်) ဦးစိုးစိုးက ရဲစခန်းတွင် ထွက်ဆိုချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပယောဂဆရာကို ကျုံမငေး နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-12