News

POST TYPE

LATEST NEWS POST

မဟာမိတ်များကို လေးစားရန် အီးယူတာဝန်ရှိသူက ထရမ့်ကိုတုံ့ပြန်ပြောဆို


ဘရပ်ဆဲလ်၊ ဇူလိုင် ၁၁

တင်းတင်းမာမာ ဖြစ်ကြမည်ဟု မျှော်လင့်ရသော နေတိုးထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ဥရောပမဟာမိတ်များအား စစ်ဘက်ဆိုင်ရာ အသုံးစရိတ်နှင့် ပတ်သက်၍ ပြစ်တင်ကြိမ်းမောင်းနေမှုကို ရပ်ဆိုင်းရန် ဥရောပကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တပ်ခ်က အမေရိကန်သမ္မတ ထရမ့်ကို အင်္ဂါနေ့က ပြောကြားလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

အင်္ဂါနေ့ညက ဥရောပသို့ ရောက်ရှိလာပြီး ဘရပ်ဆယ်သို့ ဆက်လက်မထွက်ခွာမီ ထရမ့်က ဥရောပမဟာမိတ်များသည် အမေရိကထံမှ ကုန်သွယ်ရေးပိုငွေ ပြနေသော်လည်း ကာကွယ်ရေးစရိတ်အတွက် လုံလောက်စွာထည့်ဝင်ကြခြင်း မရှိကြောင်း ထပ်မံပြစ်တင်ပြောဆိုခဲ့သည်။

ဥရောပသမဂ္ဂနှင့် နေတိုးအုပ်စုတို့အကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကြေညာချက်ကို လက်မှတ်ထိုးပြီးနောက် ဥရောပကောင်စီဥက္ကဋ္ဌ ပိုလန်ဝန်ကြီးချုပ်ဟောင်း ဒေါ်နယ်တပ်ခ်က“ချစ်ခင်လေးစား ရပါသော အမေရိကခင်ဗျား။ ခင်ဗျားတို့မှာ များများမရှိတဲ့ မဟာမိတ်ကောင်းတွေကို အသိအမှတ်ပြုလေးစားပါ”ဟု ဆိုခဲ့သည်။

ထရမ့်သည် လေယာဉ်စီးနေစဉ်အတွင်းမှာပင် Twitter တွင် “အီးယူနဲ့ ကုန်သွယ်ရေးလိုငွေပြမှုကြောင့် အမေရိကန် လယ်သမားတွေ၊ အလုပ်သမားတွေ၊ ကုမ္ပဏီတွေဟာ ဥရောပမှာ စီးပွားရေးလုပ်ဖို့ မဖြစ်နိုင်တဲ့အခြေအနေ ရောက်နေပါတယ်။ ဒီအတွက် နေတိုးအုပ်စုကတစ်ဆင့် ဖြေရှင်းပေးဖို့ သူတို့က လိုလားနေပါတယ်။ အဲဒီအတွက် ပိုက်ဆံကောင်းကောင်းပေးကြပေါ့ဗျာ”ဟု ထိုးနှက်ရေးသားခဲ့သည်။

အီးယူသည် အမေရိကန်အတွက် ထိပ်တန်းပို့ကုန် ဈေးကွက်တစ်ခုဖြစ်ပြီး အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး နောက်ဆုံးရကိန်းဂဏန်းများအရ အမေရိကန်ဘက်မှ ဥရောပသို့ ဒေါ်လာ ၅၀၁ ဘီလီယံဖိုး တင်ပိုခဲ့ပြီး ၅၉၂ ဘီလီယံဖိုး ပြန်လည်တင်သွင်းခဲ့ရာ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၉၂ ဘီလီယံရှိခဲ့သည်ဟု သိရှိရသည်။

တစ်ချိန်တည်းတွင် ဝါရှင်တန်၌ ရီပတ်ဘလစ်ကန် ဆီးနိတ်အမတ် မစ်ခ်ျမက်ကော်နယ်က ၎င်းအနေနှင့် နေတိုးမှ ထရမ့်နုတ်ထွက်မည့်အရေးကို မစိုးရိမ်ကြောင်းနှင့် ဥရောပတွင်ရှိနေစဉ် ထရမ့်နှင့်ပူတင် တွေ့မည့်ကိစ္စသည်လည်း အမှားအယွင်းမဟုတ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ အဆက်ဆက်သည် ဥရောပအစိုးရများအား စစ်စရိတ် ပိုမိုသုံးစွဲရေးကို တိုက်တွန်းခဲ့ကြသော်လည်း ထရမ့်၏ တရကြမ်းဖိအားပေးမှုမှာမူ နေတိုး၏ ယုံကြည်ချက်ပျက်ပြားကာ ရန်သူတော်ပူတင်၏ လက်တွင်းသို့ သက်ဆင်းသွားနိုင်သည်ဟု ဥရောပနိုင်ငံများက စိုးရိမ်လာသည့် အတိုင်းအတာအထိ ပြင်းထန်နေသည်။

ဒေါ်နယ်တပ်ခ်က “သမ္မတထရမ့် ခင်ဗျား။ အမေရိကမှာ ဥရောပထက်ကောင်းတဲ့ မဟာမိတ်မရှိသလို နောင်လည်းရှိမှာမဟုတ်ပါဘူး။ ဒီကနေ့ ဥရောပအစိုးရတွေဟာ ကာကွယ်ရေးဘတ်ဂျက်ကို ရုရှားထက် အဆများစွာ ပိုမိုသုံးစွဲနေပါတယ်။ တရုတ်လောက်ကို ပမာဏများပါတယ်”ဟု ပြောကြားသည်။

နေတိုးစစ်အုပ်စု မဟာမိတ်များ၏ ကာကွယ်ရေးဘတ်ဂျက် သုံးစွဲမှုကိုအင်္ဂါနေ့က ထုတ်ပြန်ခဲ့ရာ ဂျီဒီပီ၏ ၂ ရာခိုင်နှုန်း သုံးစွဲရေးသတ်မှတ်ချက်ကို လတ်ဗီးယားနှင့် လစ်သူရေးနီးယားတို့က ပြည့်မီတော့ မည်ဟုသိရှိရသည်။ 

မဟာမိတ် ၂၉ နိုင်ငံတွင် အမေရိကန်၊ ဗြိတိန်၊ အက်စတိုးနီးယား၊ ဂရိ၊ ပိုလန်တို့က ၂၀၁၇ တွင် သတ်မှတ်ချက် ပြည့်မီခဲ့ကြပြီး ရိုးမေးနီးယားက ၂၀၁၈ တွင် ပြည့်မီတော့မည်ဟု ဖော်ပြထားသည်။

နေတိုးအတွင်းရေးမှူးချုပ် ဂျင်စတိုလင်ဘတ်က မဟာမိတ်အားလုံးသည် စီးပွားရေးကောင်းလာသောကြောင့် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်နေကြကြောင်းနှင့် ဝါရှင်တန်၏ လုံခြုံမှုနှင့် ကမ္ဘာအနှံ့ လက်လှမ်းမီမှုတို့သည်လည်း နေတိုးမှတစ်ဆင့် ခိုင်မာအားကောင်းနေသည်ဟု ပြောကြားသည်။

သမ္မတထရမ့်က “အမေရိကန်ဟာ တခြားနိုင်ငံတွေကို ကာကွယ်ပေးဖို့အတွက် သူတို့ထက် အဆများစွာပိုပြီး သုံးစွဲနေရတယ်။ အမေရိကန် အခွန်ထမ်း ပြည်သူတွေအတွက် မတရားပါဘူး”ဟု ပြောဆိုထားသည်။

အိမ်ဖြူတော်မှ မထွက်ခွာမီ ဒေါ်နယ်တပ်ခ်၏ မှတ်ချက်နှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းခဲ့ရာ သမ္မတထရမ့်က “ကျုပ်တို့မှာ မဟာမိတ် အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျုပ်တို့က ကောင်းကျိုးမခံစားရဘူး။ အီးယူကသာ ကောင်းကျိုးတွေ ယူသွားတာကိုပဲ ကျူပ်တို့ခံနေရတယ်”ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် ဝါရှင်တန်သည် နေတိုးအတွက် စစ်ဌာနချုပ်နှင့် AWAC ရေဒါ လေယာဉ်များအပါအဝင် ကုန်ကျစရိတ်များ၏ ၂၂ ရာခိုင်နှုန်းကို ကျခံပေးနေသည်။

F-04