News

POST TYPE

LATEST NEWS POST

ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်း ကွယ်လွန်

ရန်ကုန်၊ ဇူလိုင် ၁၁

ကမ္ဘာမြေချစ်သူဆုကို မြန်မာနိုင်ငံ တွင် စတင်ရွေးချယ်ပေးအပ်ခဲ့သည့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်လည်းဖြစ်သူ သယံဇာတနှင့် ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (ျွင်္နီဗ)မှ ဥက္ကဋ္ဌဟောင်း ဦးအုန်းသည် ဇူလိုင်လ ၁၁ ရက်နေ့ နံနက်က ၎င်း၏နေအိမ်၌ လူကြီးရောဂါဖြင့် အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ 

ဇူလိုင်လ ၁၃ ရက်နေ့ (သောကြာ) မွန်းလွဲ ၃ နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။

“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်နေတဲ့အဖွဲ့တွေမှ မဟုတ်ပါဘူး။ တိုင်းပြည်နဲ့ချီပြီးတော့ကို ဆရာကြီးက အင်မတန်မှကို တန်ဖိုးထားသင့်တဲ့လူပါ။ ဆရာကြီးက အမှန်တရားကို ကြိုက်တယ်။ အမြဲတမ်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ရင် အစိုးရကို ထောက်ပြသင့်တာ ထောက်ပြတယ်။ ပညာရှင်ပီသတဲ့၊ သစ္စာရှိတဲ့ ပညာရှင်တစ်ယောက် တိုင်းပြည်အတွက် ဆုံးရှုံးတယ်လို့ မှတ်ချက်ပေးချင်ပါတယ်”ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဒေါ်ဒေဝီသန့်စင်က ပြောဆို သည်။

ဦးအုန်းသည် ပုပ္ပားတောင် စိမ်းလန်းစိုပြည်ရေး အဓိက လုပ်ဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ မြစ်ဆုံစီမံကိန်းအရေးတွင်လည်း ရှေ့တန်းမှတက်ကြွစွာ ကန့်ကွက်ခဲ့သည့် သစ်တောပညာရှင် တစ်ဦးလည်းဖြစ်ကာ သစ်တောများ ထိန်းသိမ်းရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တစိုက်မတ်မတ် တက်ကြွစွာ ကြိုးပမ်းလုပ်ဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ပုပ္ပားတောင် စိမ်းလန်းစိုပြည်ရေး လုပ်ဆောင်ခဲ့သဖြင့် ၂၀၀၅ ခုနှစ်တွင် ဂျပန်နိုင်ငံမှပေးအပ်သည့် ကမ္ဘာမြေချစ်သူဆုကို ဦးအုန်းကရရှိခဲ့ပြီးနောက် ၎င်းအနေနှင့် ရန်ပုံငွေတစ်ရပ် ထူထောင်ကာ မြန်မာနိုင်ငံ၌လည်း ၂၀၁၀ ပြည့်နှစ်မှစ၍ ကမ္ဘာမြေ ချစ်သူဆုကို စတင် ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းသို့ ကမ္ဘာမြေချစ်သူတစ်ဦးဖြစ်သည့် ဦးအုန်း ကွယ်လွန်ခြင်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍအတွက် ကြီးမားသည့် နစ်နာဆုံးရှုံးမှု တစ်ခုပင်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်သူများက မှတ်ချက်ပြုကြသည်။

E-03