News

POST TYPE

LATEST NEWS POST

Shin Shin ကြာဆံစက်ရုံကို အလုပ်သမား ၁၀၀ ကျော် ဆန္ဒပြ
11-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁၁

လှိုင်သာယာစက်မှုဇုန် ဦးရေပေါ်လမ်းရှိ Shin Shin ကြာဆံစက်ရုံကို စက်ရုံတွင်း ဝင်ရောက် အလုပ်လုပ်ကိုင်ခွင့် ပိတ်ခြင်းနှင့်ပတ်သက်၍ ဇူလိုင်လ ၁၁ ရက် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ အလုပ်သမား ၁၀၀ ကျော် စက်ရုံရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အဆိုပါ အလုပ်သမားများထံမှ သိရသည်။

“ဒီနေ့ ဆန္ဒထုတ်ဖော်ရတဲ့ အကြောင်းကတော့ အလုပ်လုပ်ဖို့လာတာကို စက်ရုံထဲ ပေးမဝင်ဘူး။ အလုပ်လက်မဲ့ဆိုရင် ဝင်ငွေကိုပါ ထိခိုက်မှာဖြစ်တယ်။ အဲဒါကြောင့် စက်ရုံထဲ ဝင်ခွင့်ရရှိဖို့ကို အဓိကထားတယ်။ တောင်းဆိုတာတော့ အချက်နှစ်ချက်ပါ”ဟု အဆိုပါစက်ရုံတွင် ကိုးနှစ်ခန့် လုပ်သက်ရှိ ဒေါ်ခင်မျိုးသူကဆိုသည်။

ဇူလိုင်လ ၁၁ ရက်က အလုပ်သမား ၁၁၇ ဦး ဆန္ဒထုတ်ဖော်ခဲ့ပြီး စက်ရုံတာဝန်ရှိသူများ ဖြေရှင်းပေးခြင်း မရှိသည့်အချိန်အထိ (ရက်အကန့်အသတ်မရှိ) ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အစိုးရက အလုပ်သမားများ အနိမ့်ဆုံး လုပ်ခလစာ ကျပ် ၄၈၀၀ အတည်ပြု သတ်မှတ်လိုက်ချိန်မှစ၍ အဆိုပါ ပမဏအတိုင်း ပေးခဲ့သော်လည်း အလုပ်သမားများ ခံစားခွင့်ကြေးများကို ဖြုတ်ချခဲ့ခြင်းကြောင့် ဆွေးနွေးညှိနှိုင်းရာတွင် လက်ရှိ အချိန်အထိ ဆောင်ရွက်ပေးခြင်း မရှိကြောင်း အလုပ်သမားများထံမှ သိရသည်။

“အစိုးရသတ်မှတ်တဲ့ ၄၈၀၀ ကို ပေးပြီး၊ အရင်ရနေကျ ခံစားခွင့်တွေကို ဖြုတ်ချလိုက်တော့ အများကြီး နစ်နာတယ်။ ခံစားခွင့်ကြေးတွေက တစ်လကို ၄၂၀၀၀ လောက်ရှိတယ်။ ကျွန်မ လုပ်သက် ကိုးနှစ်က လစာတစ်သိန်းခုနစ်သောင်းပဲ ရတယ်”ဟု ဒေါ်ခင်မျိုးသူကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်မှာ တစ်လကျော်ရှိပြီဖြစ်ပြီး လက်ရှိအချိန်အထိ တိကျသည့်အဖြေနှင့် ဖြေရှင်းပေးခြင်းမရှိဘဲ စက်ရုံတာဝန်ရှိသူက ဇူလိုင်လ ၁၁ ရက်က စက်ရုံအတွင်း ပေးဝင်ခြင်း မပြုတော့ခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောကြားသည်။

ဆန္ဒထုတ်ဖော်သည့် စက်ရုံအလုပ်သမားများကို လက်ရှိ အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆဲ အချိန်တွင် ယာယီလုပ်ငန်းခွင်ထဲ ပေးဝင်ခြင်းကို ပိတ်ထားခြင်းဖြစ်ပြီး ခံစားခွင့်ကြေးများနှင့်ပတ်သက်၍ အကြိမ်ကြိမ် ဆွေးနွေးခဲ့ကာ ဥပဒေလမ်းကြောင်းအရ ဖြေရှင်းထားပြီးဖြစ်ကြောင်း Cho Cho Industry Shin Shin ကြာဆံစက်ရုံ အထွေထွေ မန်နေဂျာ ဦးကျော်ကျော်က ပြောကြားသည်။

“အားလုံးညှိနှိုင်းပြီးရင် ဝင်ခွင့်ပြန်ပေးမှာပါ။ အချိန်ကာလကတော့ လူကြီးတွေနဲ့ လုပ်ဆောင်ရတာဖြစ်တော့ အတိအကျ မပြောနိုင်ဘူး။ စက်ရုံထဲမှာ အလုပ်သမားတွေကို ခေါ်ညှိနေတဲ့ကြားက တခြားအဖွဲ့အစည်းတွေကိုတိုင်တော့ လိုက်ဖြေရှင်းနေရတယ်။ အဲဒါကြောင့် လက်ရှိအချိန် လုပ်ငန်းခွင်ထဲ ပေးမဝင်တာပါ”ဟု ၎င်းကဆိုသည်။

လုပ်ခလစာနှင့်ပတ်သက်၍ အစိုးရက သတ်မှတ်ထားသည့် ကျပ် ၄၈၀၀ ပေးထားပြီး ယခင်က ခံစားခွင့်များပေးခဲ့ခြင်းမှာ အခြေခံ ကျပ် ၃၆၀၀ ဖြင့် သတ်မှတ်ပေးခြင်းကြောင့် လစာရရှိမှု နည်းပါးနေသဖြင့် မေတ္တာကြေးအဖြစ် ခံစားခွင့်များ ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

အဆိုပါ စက်ရုံအလုပ်သမားများ ဆန္ဒထုတ်ဖော်နေသည်ကို သတင်းများ ရောက်ရှိနေပြီဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်း ဖြေရှင်းခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်ရုံ၊ အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

J-06