News

POST TYPE

LATEST NEWS POST

အင်ပါယာစက်ရုံ အလုပ်ရှင် အလုပ်သမားများ ယနေ့မြို့နယ်အဆင့်ညှိနှိုင်းမည်
09-Jul-2018

မန္တလေး၊ ဇူလိုင် ၈

မန္တလေးစက်မှုဇုန်ရှိ အင်ပါယာ တစ်ရှူးစက်ရုံမှ အလုပ်သမားများဆန္ဒပြနေမှုသည် တစ်ပတ်ခန့်ကြာပြီဖြစ်သော်လည်း ပြေလည်မှုမရသေးသဖြင့် ဇူလိုင် လ ၉ ရက်နေ့ (ယနေ့) မှစတင်ကာ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ရုံး၌ ဆက်လက်ညှိနှိုင်းရမည်ဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများက ပြောကြားသည်။

စက်ရုံဘက်မှ အကြောင်းမဲ့အလုပ်ထုတ်ခြင်းနှင့် အီးစီစာချုပ်ပါအချက်များကို ဖောက်ဖျက်မှုများရှိနေသည်ဟုဆိုကာ အင်ပါယာတစ်ရှူးစက်ရုံမှ လုပ်သား ၄၀ ကျော်သည် ဇူလိုင်လ ၂ ရက်နေ့မှစတင်ကာ စက်ရုံအတွင်း၌ ဆန္ဒဖော်ထုတ်နေကြခြင်းဖြစ်သည်။

“အလုပ်ရှင်နဲ့သုံးကြိမ်အထိ ညှိနှိုင်းထားပြီးတဲ့အချိန်မှာ ကျွန်တော်တို့ အဓိကထားတောင်းဆိုတဲ့ အီးစီစာချုပ်ကိစ္စကို မလိုက်လျောဘူး။ ကျွန်တော်တို့က အဲ့ဒါကိုအဓိကလိုချင်တာ။ သူတို့ဘက်ကတစ်ချက်ပဲ လိုက်လျောပေးထားတာ။ ဒါကလည်း အလုပ်သမားဥပဒေအရ လုပ်ကိုလုပ်ပေးရမယ့်ကိစ္စ”ဟု ယင်းစက်ရုံ အခြေခံအလုပ်သမားသမဂ္ဂအတွင်းရေးမှူး ဦးတင့်ဆွေက ပြောကြားသည်။

အလုပ်သမားများသည် အလုပ်ခန့်ထားမှုဆိုင်ရာ အီးစီစာချုပ်ကို မူလစာချုပ်အတိုင်းဆောင်ရွက်ရန်၊ နိုင်ငံတော်က သတ်မှတ်ပေးထားသည့် အနိမ့်ဆုံးလုပ်ခ လစာများကို ဥပဒေနှင့်အညီပေးရန်၊ လုပ်ခလစာကို အများနည်းတူပေးရန်၊ အလုပ်သမားများကို အကြောင်းမဲ့အလုပ်မထုတ်ရန်၊ အချိန်ပိုကြေးများပေးရန်၊ အလုပ်သမားကိစ္စများကို အလုပ်သမားအဖွဲ့အစည်းများနှင့် ဆွေးနွေးပေးရန် စသည်အချက်များအပါအဝင် အချက် ၁၁ ချက်ကို တောင်းဆိုနေကြခြင်းဖြစ်သည်။

အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုနေသည်များကို စက်ရုံအနေနှင့် လိုက်လျောပေးရန် အစီအစဉ်မရှိဘဲ ဌာနဆိုင်ရာ အဆင့်ဆင့်သို့တင်ပြကာ ဖြေရှင်းပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း အင်ပါယာတစ်ရှူးစက်ရုံမှ မန်နေဂျာဦးအေးမင်းက ဇူလိုင်လ ၂ ရက်နေ့က ပြောကြားထားသည်။

အလုပ်သမားများအနေနှင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့အဆင့်ဆင့်မှ ခုံသမာဓိကောင်စီအထိ ရင်ဆိုင်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၏ ဆုံးဖြတ်ချက်ကို အလုပ်ရှင်ဘက်က လိုက်လျောပေးခြင်းမရှိပါက တရားရင်ဆိုင်ဖြေရှင်းသွားရန်လည်းရှိနေကြာင်း အလုပ်သမားများက ပြောဆိုသည်။  

M-04