News

POST TYPE

LATEST NEWS POST

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ယခုနှစ်မကုန်မီ ပြန်စမည်
09-Jul-2018


ရန်ကုန်၊ ဇူလိုင် ၈

အာဆီယံတွင် အဓိကအချက်အချာ ဒေသတစ်ခုဖြစ်လာမည့် ထားဝယ်အထူး စီးပွားရေးဇုန်ကို ယခုနှစ် ပွင့်လင်းရာသီတွင် စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဖြိုးဝင်းထွန်းက ပြောကြားသည်။ 

လက်ရှိအချိန်တွင် အထူးစီးပွားရေးဇုန်စီမံကိန်း၏ ပထမအဆင့်စီမံကိန်းဖြစ်သည့် နှစ်လမ်းသွားအမြန်လမ်းမ တည်ဆောက်ရန် ထိုင်းနိုင်ငံမှ ချေးငွေရရှိရန် စောင့်ဆိုင်းလျက်ရှိပြီး ယင်းချေးငွေ ရရှိပါက စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် ပြည်တွင်းပြည်ပကုမ္ပဏီများကို တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ချေးငွေအတွက်က ပြည်ထောင်စု လွှတ်တော်ကလည်း အတည်ပြုပေးပြီးသွားပြီ။ ထိုင်းကုမ္ပဏီဘက်က အကြောင်းပြန်တာကို စောင့်နေတာ။ ဒီနှစ်မိုးအကုန်လောက်တော့ စနိုင်မယ်”ဟု ၎င်းက ပြောဆိုသည်။ 

အဆိုပါပထမအဆင့် စီမံကိန်းတည်ဆောက်မှုအတွက် ထိုင်းနိုင်ငံမှ ချေးငွေ ဘတ်သန်း ၄၅၀၀ ချေးယူသွားမည်ဖြစ်ပြီး ဒုတိယအဆင့် စီမံကိန်းတွင်ပါဝင်မည့် အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတို့တွင် ထိုင်းနိုင်ငံအပြင် ဂျပန်နိုင်ငံကပါ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်သည် မြေဧက ၄၈၀၀၀ ခန့် ကျယ်ဝန်းမည်ဖြစ်ပြီး အဆိုပါအမြန်လမ်းမသည် အထူးစီးပွားရေးဇုန်မှ ထိုင်းနိုင်ငံနယ်စပ်သို့ ၂ နာရီခန့်နှင့် ဘန်ကောက်မြို့သို့ လေးနာရီသာ ကြာမြင့်မည်ဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် ၂၀၁၀ ပြည့်နှစ်တွင် အီတာလျံထိုင်းကုမ္ပဏီနှင့် မြန်မာအစိုးရတို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ကုမ္ပဏီက ၂၀၁၂ ခုနှစ်တွင် ဘဏ္ဍာရေးအခက်အခဲကြောင့် ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ရေနက်ဆိပ်ကမ်းစီမံကိန်းပါဝင်သော အထူးစီးပွားရေးဇုန် စီမံကိန်းသုံးခုကို လုပ်ဆောင်လျက်ရှိပြီး ရန်ကုန်မြို့ရှိ သီလဝါအထူး စီးပွားရေးဇုန်တစ်ခုသာ လုပ်ငန်းလည်ပတ်လျက်ရှိကာ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့ကိုလည်း လုပ်ငန်းများ စတင်အကောင် အထည်ဖော်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

J-01


  • VIA