News

POST TYPE

LATEST NEWS POST

အကြောင်းမဲ့ အလုပ်ထုတ်သည်ဟုဆိုကာ တစ်ရှူးစက်ရုံ လုပ်သားများဆန္ဒပြ
02-Jul-2018

မန္တလေး၊ ဇူလိုင် ၂

ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်အတွင်းရှိ အင်ပါယာတစ်ရှူးစက်ရုံမှ အလုပ်သမားများသည် စက်ရုံဘက်မှ အကြောင်းမဲ့ အလုပ်ထုတ်ခြင်း၊ အီးစီစာချုပ်ပါအချက်များကို ဖောက်ဖျက်ခြင်းများ ရှိနေသည်ဟုဆိုကာ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းကစ၍ စက်ရုံအတွင်း ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

“အလုပ်ရှင်က အလုပ်သမား အဖွဲ့အစည်းကို အသိအမှတ်မပြုဘူး၊ အလုပ်သမားတွေကို ခွဲခြားဆက်ဆံတယ်၊ အလုပ်သမား အဖွဲ့အစည်းရဲ့ တောင်းဆိုချက်တွေကို ညှိနှိုင်းမဖြေရှင်းဘူး။ အလုပ်သမား ဥပဒေကိုလည်း လေးစားလိုက်နာမှု မရှိဘူး။ ကျွန်တော်တို့အနေနဲ့ တောင်းဆိုချက်တွေ မရမချင်း ဆန္ဒပြဖို့ စီစဉ်ထားတယ်”ဟု ယင်းစက်ရုံမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမောင်မောင်သန့်က ပြောကြားသည်။

အဆိုပါစက်ရုံတွင် အလုပ်သမား ၆၈ ဦးရှိသည့်အနက် တက်လမ်းအင်ပါယာ အခြေခံ အလုပ်သမား အဖွဲ့အစည်းတွင် ပါဝင်သော အလုပ်သမား ၄၀ ကျော်က တောင်းဆိုချက် ၁၁ ချက်ဖြင့် ဆန္ဒထုတ်ဖော်နေခြင်းဖြစ်သည်။

အလုပ်သမားများက ယင်းသို့ဆန္ဒပြနေသော်လည်း ၎င်းတို့၏ တောင်းဆိုချက်များကို လိုက်လျောပေးမည်မဟုတ်ကြောင်း စက်ရုံဘက်မှ တာဝန်ရှိသူများက ပြောဆိုသည်။

“သူတို့တောင်းဆိုချက်တွေကို လိုက်လျောမပေးနိုင်ဘူး။ သပိတ်မှောက်တာ မှောက်ပေါ့ ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့က နိုင်ငံတော်ရဲ့စည်းမျဉ်း စည်းကမ်းတွေနဲ့ ဆန့်ကျင်ပြီး အလုပ်မလုပ်ဘူး”ဟု အင်ပါယာ တစ်ရှူးစက်ရုံမန်နေဂျာ ဦးအေးမင်းက တုံ့ပြန်ပြောကြားသည်။

အလုပ်သမားများသည် အလုပ်ခန့်ထားမှုဆိုင်ရာ အီးစီစာချုပ်ကို မူလ စာချုပ်အတိုင်း ဆောင်ရွက်ရန်၊ အစိုးရက သတ်မှတ်ပေးထားသည့် အနိမ့်ဆုံး လုပ်ခလစာများကို ဥပဒေနှင့်အညီပေးရန်၊ လုပ်ခလစာကို အများနည်းတူပေးရန်၊ အလုပ်သမားများကို အကြောင်းမဲ့ အလုပ်မထုတ်ရန်၊ အချိန်ပိုကြေးများပေးရန်၊ အလုပ်သမားကိစ္စများကို အလုပ်သမား အဖွဲ့အစည်းများနှင့် ဆွေးနွေးရန် စသည့်အချက်များ အပါအဝင် အချက် ၁၁ ချက် တောင်းဆိုလျက်ရှိသည်။

M-04