News

POST TYPE

LATEST NEWS POST

အာဂျင်တီးနားတွင် တတိယအထွေထွေ အလုပ်သမားသပိတ်ကြောင့် စီးပွားရေးကဏ္ဍ ရပ်ဆိုင်း


ဗျူနိုအေရီဇွန် ၂၇

အာဂျင်တီးနားတွင် အစိုးရနှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့အကြား ချုပ်ဆိုသော ဒေါ်လာ ၅၀ ဘီလီယံ ရန်ပုံငွေ သဘောတူစာချုပ်ကို အလုပ်သမားသမဂ္ဂများက ဆန္ဒပြခဲ့ကြပြီး လစာတိုးမြှင့်ရေးကို တောင်းဆိုခဲ့ကြသည်ဟု Aljazzira သတင်းတွင် ဖော်ပြထားသည်။

အလုပ်သမားများ၏ တတိယအထွေထွေသပိတ်ကြောင့် အာဂျင်တီးနားတွင် စီးပွားရေးကဏ္ဍလည်ပတ်မှု ရပ်ဆိုင်းသွားသည်။

နိုင်ငံအတွင်း အကြီးဆုံးအလုပ် သမားသမဂ္ဂဖြစ်သော CGT က ဆော်ဩခဲ့သော တနင်္လာနေ့ကသပိတ်ကြောင့် ဘတ်စ်ကားလိုင်းများ၊ ရထားလိုင်းများနှင့် တက္ကစီလိုင်းများ ရပ်ဆိုင်းသွားခဲ့သည်ဟု Clarin နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

လေကြောင်းလိုင်းဝန်ထမ်းများ အလုပ်မဆင်းသောကြောင့် ခရီးစဉ် ၆၀၀ နီးပါးကို ဖျက်သိမ်းလိုက်ရပြီး ခရီးသည် ၇၁,၀၀၀ ခန့် အခက်အခဲဖြစ်သွားသည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အလုပ်သမားသပိတ်သည် အစားအစာရောင်းချမှုများ၊ စာသင်ကျောင်းများ၊ ဘဏ်များ၊ ဆိပ်ကမ်းများအပေါ်တွင်လည်း ရိုက်ခတ်မှုရှိခဲ့ပြီး မြို့တော်ဗျူနို အေရီစ်တွင်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

အာဂျင်တီးနားတွင် ငွေဖောင်းပွမှု ၂၆ ရာခိုင်နှုန်းရှိနေသော်လည်း ၁၅ ရာခိုင်နှုန်းအထိသာလစာတိုးရန် ကန့်သတ်ထားမည့် အစိုးရ၏ဆုံးဖြတ်ချက်ကို အလုပ်သမားများက ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် သမ္မတမော်ရီဆီယိုမက် ခရီကပီဆိုငွေကို အားဖြည့်ရန်အတွက် IMF နှင့် ဒေါ်လာ ၅၀ ဘီလီယံချေးငွေ စာချုပ်ချုပ်ဆိုခဲ့ခြင်းကိုလည်း အလုပ်သမားသမဂ္ဂများက ကန့်ကွက်ခဲ့ကြသည်။ 

ချေးငွေစည်းကမ်းချက်များတွင် ဘတ်ဂျက်လိုငွေပြမှုကို မနှစ်က ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ တွင် ၁ ဒသမ ၃ ရာခိုင်နှုန်းသို့ လျှော့ချရန် သတ်မှတ်ချက်ပါရှိသောကြောင့် ဘတ်ဂျက်ဖြတ်တောက်မှုများနှင့် အစိုးရဝန်ထမ်းများအလုပ်အကိုင် လျှော့ချမှုများရှိလာမည်ကို သမဂ္ဂများက စိုးရိမ်လျက်ရှိသည်။

လက်ရှိတွင် အလုပ်သမားထု၏ ၉ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေသည်ဟု တရားဝင်ကိန်းဂဏန်းများအရ သိရှိရသည်။ 

နွမ်းပါးသူများကိုကူညီသော ရန်ပုံငွေများကို ဖြတ်တောက်ခြင်းမပြုရန် တောင်းဆိုထားသော ကက်သလစ်ဘုရားကျောင်း ခေါင်းဆောင်အချို့ကလည်း အလုပ်သမားသပိတ်ကို အားပေးထောက်ခံထားကြသည်။ 

အာဂျင်တီးနားတွင် ဆယ်နှစ်ကျော် လက်ဝဲယိမ်းအုပ်ချုပ်မှုအလွန် ၂၀၁၅ ဒီဇင်ဘာလတွင် အာဏာရလာခဲ့သော စီးပွားရေးဦးစားပေး သမ္မတမက်ခရီက သပိတ်ကြောင့် ဘာမှဖြစ်လာမှာမဟုတ်ကြောင်း မှတ်ချက်ပေးလိုက်ပြီး “အရင်ဆယ်စုနှစ်တွေအတွင်း အာဂျင်တီးနားမှာ အလုပ်သမားတွေ၊ အလုပ်အကိုင်တွေကို ပူပန်ကြောင့်ကြပေးပြီး အခွင့်အလမ်းသစ်တွေဖန်တီးပေးတဲ့ အစိုးရမျိုးမရှိခဲ့ပါဘူး” ဟု ပြောကြားလိုက်ကြောင်း Clarin နေ့စဉ်သတင်းစာက ရေးသားဖော်ပြထားသည်။

F-04