News

POST TYPE

LATEST NEWS POST

ရနောင်းမြို့အနီး တရားမဝင် မြန်မာလုပ်သား ၄၀ ဖမ်းမိ
26-Jun-2018

ရန်ကုန်၊ ဇွန် ၂၆

ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့အနီးတွင် ထရပ်ကားသုံးစီးဖြင့် တရားမဝင် မြန်မာလုပ်သား ၄၀ ကို ဇွန်လ ၂၅ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ မဲဆောက်တာဝန်ခံ ဦးအောင်မင်းက ပြောကြားသည်။

“အခုက စစ်ဆေးနေတုန်း၊ ထိုင်းလူမျိုးလည်း ပါတယ်။ မြန်မာအလုပ်သမားတွေရော ထိုင်းဘက်က စစ်နေတယ်။ တရားမဝင် မြန်မာအလုပ်သမားတွေကတော့ အကုန် မြန်မာပြည်ကို ပြန်ပို့နေတယ်၊ မဲဆောင်နယ်စပ်ပဲ ပြန်ပို့မှာပါ။ အခုက စစ်ဆေးနေတုန်း ဘာမှပြောလို့ မရသေးဘူး”ဟု ၎င်းကဆိုသည်။

ယာဉ်မောင်းသုံးဦးကို ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးမှ စစ်ဆေးမေးမြန်း၍ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ အလုပ်သမားများကို ပြည်နှင်ဒဏ်ပေးမည်ဟု ထိုင်းအစိုးရကပြောကြောင်း ၎င်းက ပြောကြားသည်။

ကနဦးစစ်ဆေးချက်အရ မြန်မာ အလုပ်သမားတစ်ဦးလျှင် ဘတ်နှစ်ထောင်နှုန်းဖြင့် တင်ဆောင်လာကြောင်း ယာဉ်မောင်းက ဝန်ခံထွက်ဆိုထားသည်ဟု ၎င်းကပြောကြားသည်။

အဆိုပါ မြန်မာအလုပ်သမား ၄၀ ဦးအပါအဝင် ယာဉ်မောင်းသုံးဦး၊ မြန်မာနှစ်ဦး၊ ထိုင်းလူမျိုးတစ်ဦးသည် ရနောင်းချွန်ဖုံခရီးလမ်းတွင် ယာဉ်သုံးစီးဖြင့် မလေးရှားနိုင်ငံသို့ အလုပ်သမားများကို ပို့ဆောင်စဉ် လမ်းတွင် ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောကြားသည်။

ကော့သောင်းနယ်စပ်နှင့် ချွန်ဖုံနယ်မှတစ်ဆင့် မလေးရှားနယ်စပ်သို့ ဖြတ်ကျော်ကာ လူပွဲစားတစ်ဦးထံ လက်လွှဲပြောင်းစဉ် ထိုင်းတပ်မတော်အမှတ် (၂) ခြေမြန်တပ်ရင်းမှ နယ်မြေခံများက သတင်းပေးချက်အရ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောကြားသည်။

J-18