News

POST TYPE

LATEST NEWS POST

ရေကြီးရေလျှံသဘာဝဘေးဆိုးတွေ နှစ်စဉ် ကြုံတွေ့နေရတဲ့နိုင်ငံ
26-Jun-2018


ယခင် ၁၉၈၈ ခုနှစ်လောက်ထိ ရာသီဥတုဆိုးရွားလို့ ရေကြီးရေလျှံတာ၊ ကမ်းပြိုတာ၊ လူသေဆုံးတယ်ဆိုတာ ရှားမှရှားပဲ။ သဘာဝသစ်တောကြီးတွေက ၇၀ ရာခိုင်နှုန်း အုပ်ဆိုင်းထားတော့ တော်ရုံပြင်းထန်တဲ့ မုန်တိုင်းလောက်ကို မမှုရေးချမမှုပါ။ လူသေဆုံးမှု မိုးကြိုးစက်ကွင်းနဲ့မလွတ်လို့ သေဆုံးတယ်ဆိုတာ မကြားသလောက်ပါပဲ။ ၂၀၀၀ ပြည့်နှစ်မှာ သစ်တောဧက ၅၇ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ ၄၃ ရာခိုင်နှုန်း အထိ သဘာဝသစ်တောတွေ ကျန်ရစ်ခဲ့တဲ့နည်းတူ သဘာဝဘေးဆိုး၊ ရေကြီး၊ ရေလျှံ၊ ကမ်းပြို၊ မြေပြိုမှုတွေ တစ်နိုင်ငံလုံးကြုံတွေ့လာရတယ်။

၂၀၁၈ ခုနှစ် မေလ ၂၇ ရက်နေ့ မုန်တိုင်းငယ်ရွေ့လျားမှုနဲ့အတူ အနောက်တောင်မုတ်သုံလေ တစ်ပါတည်း ပါလာခဲ့ပြီး မကွေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် တံတားကျိုးကျခြင်း၊ ပျက်စီးခြင်း၊ နေအိမ်များရေဝင်ခြင်း၊ လမ်းများပျက်စီး ပြတ်တောက်ခြင်း၊ ရထားလမ်းရေကျော်ခြင်းကြုံရကာ သွားလာရခက်ခဲ၍ သီးနှံစိုက်ခင်းတွေပျက်စီးကာ လူသေမှုအချို့ ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမူကြောင့် နောင်ပိုအောင် ဆပ်တယားကြိုးတံတားပျက်စီးကာ ကျေးရွာပေါင်း ၁၀ ရွာ သွားလာရခက်ခဲကြောင်း၊ တမူးမြို့မှာ မိုးသည်းထန်စွာရွာသွန်းမူကြောင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ နေအိမ်တချို့ ရေနစ်မြုပ်မှုဖြစ်ခဲ့ရတယ်။ ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းသွား ကားလမ်းပိုင်းတချို့ ပျက်စီးခဲ့သလို သံတွဲမြို့အပေါ် မြေနိမ့်ပိုင်းရပ်ကွက် တချို့မှ ဒေသတွေ ပြောင်းရွှေ့နေရပြီး ကားလမ်းပိုင်းတချို့ ရေကျော်ကာ အသွားအလာပြတ်တောက်ခဲ့ရတယ်။ တောင်ကုတ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံ ၇ လုံးနဲ့ နေအိမ် ၃၄ လုံး ပျက်စီးခဲ့ရသလို မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကုတ်-မအီကားလမ်း ရေကျော်ကာ လမ်းပိတ်ဆို့မှုဖြစ်ရသလို စာသင်ကျောင်းတချို့ ပိတ်ထားရကြောင်း သိရပါတယ်။

မကွေးတိုင်းဒေသကြီး သရက်-ကံမမြို့ အဝေးပြေးလမ်းပေါ်ရှိ ရေနံ့သာကျေးရွာမှာ အရှည် ပေ ၇၀၀ ရှိ မင်းတုန်းချောင်းတံတား မျောပါပျက်စီးကာ မြို့နယ်လေးမြို့နယ် ကားလမ်းဆက်သွယ်ရေး ပြတ်တောက်ခဲ့တယ်ဆိုတယ်။ မင်းဘူး (စကု) မြို့မှာ မန်းချောင်းနဲ့ နွားကူးချောင်းရေဝင်ရောက်မှုကြောင့် ရေဘေးရှောင် စခန်း ၅ ခုမှာ လူဦးရေ ၁၀၀၀ နီးပါးခိုလှုံနေရပြီး တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ရကြောင်း သိရတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ ရန်ကုန် - ပြည်ကားလမ်းအရှည် တစ်မိုင်နီးပါး ရေကျော်နစ်မြုပ်နေပြီး မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၂၀၀ ကျော်ရေလွှမ်းခဲ့ရသလို သဲကုန်းမှာ ရထားလမ်းရေကျော်လို့ ရထားသွားလာမှုရပ်ခဲ့ရသလို ကျောက်ကြီးမြို့နယ်မှာ မိုးရွာသွန်းကာ လေပြင်းတိုက်ခိုက်လို့ လူနေအိမ်အဆောက်အအုံနဲ့ သစ်ပင်လဲကျပျက်စီးမှုနှစ်ရက်ဆက်ဖြစ်ခဲ့ရတယ်။ စစ်ကိုင်းတိုင်းဒေသကြီးများ မိုးသည်းထန်စွာရွာသွန်းမူကြောင့် သီးနှံစိုက်ခင်းဧက ၇၀,၀၀၀ နီးပါးပျက်စီးဆုံးရှုံးခဲ့ရသလို မကွေး ကန်ပြာ၊ နေပြည်တော်ကားလမ်း ရေကျော်ခဲ့လို့ ခရီးသည်ယာဉ်တွေ နေ့တစ်ဝက်ကျော် စောင့်ဆိုင်းခဲ့ရကြောင်း သိရပါတယ်။

ကမ္ဘာ့သစ်တောပြုန်းတီးမူမှာ ဘရာဇီး ပထမ၊ အင်ဒိုနီးရှားဒုတိယနဲ့ မြန်မာတတိယဖြစ်တယ်။ တစ်ခုရှိတာက ဘရာဇီးက အမေဇုန်တော၊ အင်ဒိုနီးရှား မိုးသစ်တောကြီးတွေ လက်ဆုပ်လက်ကိုင် ကျန်နေခဲ့တိုင် မြန်မာမှာ ကန္တာရဖြစ်လာတော့မယ်။ ခေတ်အဆက်ဆက် မှိုင်းညှို့နေတဲ့ထန်းတောကြီးတွေ တစ်ပင်ကျပ်တစ်သောင်းနဲ့ ခုတ်ရောင်းလာတဲ့အခါ မိုးနည်းရပ်ဝန်းဒေသမှာ ကန္တာရဒေသဖြစ်ဖို့ များလာတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံ မြောက်ပိုင်းက ကျောက်စိမ်း၊ ရွှေ၊ သတ္တုတူးဖော်မူတွေ စည်းမဲ့ကမ်းမဲ့လုပ်နေပြီး မြေစာပုံတွေ မြစ်ချောင်းထဲစွန့်ပစ်လို့ဖြစ်ကြောင်းပြေးခြင်း၊ ရေတိမ်ခြင်းက ရေကြီးရေလျှံဖြစ်ရတဲ့ အဓိက အကြောင်းအရင်း ဖြစ်တယ်။

မြန်မာနိုင်ငံအနှံ့အပြား မုတ်သုံအားကောင်းလာမှုနဲ့ စံချိန်တင်မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ လမ်းတံတားများပျက်စီးခြင်း၊ မြေပိသေဆုံးခြင်း၊ မြစ်ချောင်းများရေလျှံခြင်း၊ လှေသမ္ဗန်များရေစီးနဲ့မျောခြင်း၊ သောက်သုံးရေ၊ သောက်ရေသန့်ပြတ်လပ်ခြင်း၊ ရက်လွန်၊ အမှည့်လွန်၊ ယင်နားစာစားသုံးမှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ အသည်းရောင်းအသားဝါအေနဲ့ လက်ပတိုစပိုင်ရိုး ဆစ်ရောဂါဖြစ်နိုင်သလို၊ ၂၀၁၇ ခုနှစ် ဇူလိုင်၊ ဩဂုတ်လက လူသေဆုံးတဲ့အထိဖြစ်ခဲ့တဲ့ “လူ့တုပ်ကွေး” A(H1N1) ဖြစ်နိုင်ပါတယ်။

မိုးများပြီး ချောင်းရေ၊ မြောင်းရေလျှံမှုကြောင့် လူနေအိမ်များရေမြုပ်ကုန်ပြီး၊ ကုန်းမြင့်ရပ်ရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်း၊ အသင်းတော်များ စတဲ့ဘာသာရေး၊ လူမှုရေးအဆောက်အအုံတွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ဖို့လိုလာတယ်။ အများသောက်သုံးတဲ့သောက်ရေကန်၊ ရေတွင်းများကို ကလိုရင်းခတ်ခြင်း၊ ရေတွင်းရှိ အညစ်အကြေး၊ အမှိုက်သရိုက်ဆယ်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး လိုအပ်တယ်။

ရေကျသွားရင် နေအိမ်များစနစ်တကျ ရေဆေးကြောသန့်စင်ပြီး မြွေ၊ ကင်း၊ အမှိုက်များ ရှင်းလင်းရမည့်နည်းတူ ရေတွင်းရေကန်များ၌ ရေခပ်ထုတ်ခြင်း၊ အမှိုက်ဆယ်ခြင်း၊ တိရစ္ဆာန်အသေကောင်များဖယ်ပြီး မြေမြှုပ်ခြင်း၊ ကလိုရင်းခတ်ခြင်းလိုတယ်။ သောက်ရေသန့်မရရင် ရေကိုကျိုချက်ပြီးမှ သောက်သုံးသင့်တယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါဟာ မသန့်ရှင်းတဲ့ အစားအစာနဲ့ သောက်သုံးရေတို့မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတစ်ခုဖြစ်တယ်။ ရာသီမရွေးဖြစ်လေ့ရှိပြီး အဲ့လိုမိုးဦးကျ၊ မိုးအကုန်ဆောင်းအကူးမှာ အဖြစ်များလေ့ရှိတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ အီကိုလိုင်း၊ အမီဘား၊ ဘက်စလေလီ (E.coli, Amoeba, Bacillary) ပိုးကြောင့်ဖြစ်နိုင်သလို၊ အသည်းရောင်းအသားဝါ အေဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါမှ ကြိုတင်ကာကွယ်ဖို့ ရေကိုချက်ပြီး သောက်သုံးသင့်တယ်၊ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုရမည့်အစားအစာကို ပူပူနွေးနွေးစားသောက်ရမယ်။ ယင်မနားအောင် ဖုံးအုပ်ထားရမယ်။ အစာမစားမီနဲ့ အိမ်သာမှအဆင်းမှာ လက်နှစ်ဖက်လုံး ဆပ်ပြာ၊ ရေတို့နဲ့ အနည်းဆုံး စက္ကန့် ၂၀ ကြာ ဆေးကြောရမယ်။ ခြင်၊ ယင်မပေါက် ပွားစေဖို့ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ရမယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါများ အသက်ဆုံးရှုံးနိုင်တယ်။ ဓာတ်ဆားရည် အလွယ်တကူသောက်သုံးနိုင်ဖို့ စီစဉ်ပေးရမယ်။ နီးစပ်ရာ ကျန်းမာရေးဌာနကို သတင်းပို့ပြီး ထိရောက်တဲ့ကုသမှု ခံယူကြဖို့လိုအပ်ပါတယ်။

မြစ်ကမ်းဘေးနေသူတို့အနေနဲ့ ရေကူးတတ်ဖို့လိုတယ်။ ရုတ်တရက်ရေကြီးရင် အရေးတကြီး ယူဆောင်ရမယ့် စာရွက်စာတမ်းနဲ့ အရေးတကြီးပစ္စည်းတွေ ကိုယ်စီရယူဖို့ လိုအပ်ပြီး လက်နှိပ်ဓာတ်မီး၊ ဖုန်း၊ ဘက်ထရီအပိုများ၊ ဓာတ်ခဲသုံးရေဒီယို၊ သောက်ရေသန့်၊ ၇ ရက်စာ (သို့) ၁၀ ရက်စာ အစားအစာရိက္ခာတို့ စုဆောင်းရမယ်။

မြစ်ရေကြီးခြင်းသတိပေးချက်ရရင် မိမိမိသားစု၊ ကျွဲ၊ နွားတိရစ္ဆာန်တွေ ဘေးလွတ်ရာ အမြန်ရွှေ့ဖို့လိုတယ်။ ရေဒီယိုမှ မိုးလေဝသနှင့် မြစ်ရေကြီးခြင်း သတိပေးချက်နားထောင်ဖို့၊ အန္တရာယ်ရှိတဲ့နေရာကို သွားခြင်းမပြုဖို့၊ သောက်ရေသိုလှောင်ထားဖို့၊ အရေးကြီးတဲ့ကိုယ်ပိုင်ပစ္စည်းများ လုံခြုံတဲ့နေရာပြောင်းရွှေ့နိုင်ရေး ဥပမာ - ကုန်းမြင့်၊ ဘုန်းကြီးကျောင်းပြောင်းရွှေ့သင့်တယ်။ မုတ်သုံမိုးကောင်းလို့ ချောင်ဖျားမိုးကောင်းနေရင် မြစ်ချောင်းရေလျှံတက်လို့ နေ့စဉ် မိုးလေဝသတင်းနားထောင်ရမယ်။ ရေနစ်မြုပ်တဲ့နေရာကို အရဲစွန့်သွားလာခြင်းမလုပ်သင့်ဘူး။ မြွေ၊ ကင်း စတဲ့ အဆိပ်ရှိသတ္တဝါကို သတိထားသင့်တယ်။ ဒူးထက်မြင့်တဲ့ရေစီးကြောင်း မဖြတ်သင့်ပါ။

မြစ်ရေကြီးလို့ ကယ်ဆယ်ရေးစခန်းပြောင်း ရွှေ့ရရင် သောက်ရေသန့် (သို့) ရေကျက်အေးသောက် သုံးသင့်တယ်။ ယင်နားစာ၊ အမှည့်လွန်အသီး၊ ရက်လွန်အစာတွေရှောင်ရမယ်။ ဝမ်းသွားဖျားခြင်းရှိရင် ဆေးရုံဆေးခန်းပြရမယ်။ ညဘက်မှာ လက်နှိပ်ဓာတ်မီးသုံးပြီး သွားလာသင့်တယ်။ မြစ်ရေကြီးရင် ဆည်တမံ ကျိုးပေါက်ခြင်းဖြစ်နိုင်တယ်။နေအိမ်အဆောက်အအဲုများ ရုတ်တရက် ရေနစ်မြုပ်ပျက်စီးနိုင်တယ်။ လယ်ယာမြေများ၊ ငါးကန်များနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေ ရေနစ်မြုပ်ပျက်စီးနိုင်တယ်။ မိုးလေဝသတင်း နေ့စဉ်နားထောင်သင့်ပါတယ်။

မုန်တိုင်းသတင်းကြေညာထားရင် မိသားစုအားလုံးအသိပေးရမယ်။ တစ်စုတစ်ဝေးတည်းနေရမယ်။ အချိန်မီနားခိုသင့်တဲ့ မုန်တိုင်းခံအဆောက်အအုံ (Cyclone shelter) တွေ ပြောင်းရွှေ့နေသင့်တယ်။စိတ်တည်တည်ငြိမ်ငြိမ်ထားရှိရမယ်။ ကြိုတင်ပြုလုပ်ထားတဲ့အစီအစဉ်အတိုင်း ဆောင်ရွက်ရမယ်။ ပြင်ဆင် ချက်ပြုတ်မှု၊ ရေကျက်အေးသောက်သုံးမှု အရေးကြီးပါတယ်။ မုန်တိုင်းအန္တရာယ်ကျရောက်ပြီး လေငြိမ်တဲ့အချိန်မှာ မိသားစုဝင်တွေ စိစစ်ရမယ်။ ပတ်ဝန်းကျင် သန့်ရှင်းရေးကအစ မိမိနေအိမ်ပျက်စီးမူတို့ကို လေဒဏ်၊ မိုးဒဏ်ခံနိုင်အောင် ပြန်ဆောက်ရမယ်။ မုန်တိုင်း သတင်းနားထောင်ရမယ်။ လျှပ်စစ်မီးတွေ စစ်ဆေးခြင်းမရှိဘဲ ဖွင့်လှစ်သုံးစွဲခြင်းမပြုရဘူး။ ဓာတ်လိုက်တတ်လို့ လျှပ်စစ်ဝန်ထမ်းအကူအညီယူပြီးမှ သုံးရမယ်။

မြစ်ရေကြီးခြင်း၊ ရေကြီးရေလျှံခြင်းတွေမှာ အားကောင်းတဲ့ ရေစုပ်မော်တာနဲ့ ပြန်စုပ်ယူတဲ့အစီအစဉ်တွေထားရှိသင့်တယ် “တာရိုး” များ ပိုမိုမြင့်မားခိုင်ခံ့အောင် တည်ဆောက်ဖို့လိုတယ်။အိမ်ခြေတံမြင့်မြင့် ဆောက်လုပ်နေသင့်တယ်။ ခြင်ကြောင့် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါ၊ အရေပြားယားနာဝဲရောဂါဖြစ်နိုင်သလို ယင်ကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း၊ တိုက်ဖွိုက်ခေါ် အူရောင်ငန်းဖျား ရောဂါ၊ အသည်းရောင်အသားဝါဖြစ်နိုင်တယ်။ ကြွက်ကြောင့် ပလိပ်ရောဂါ၊ လက်ပတိုစပိုင်လိုဆစ်ရောဂါမျိုး ဖြစ်နိုင်ပြီး ခွေးနဲ့ကြောင်ကြောင့် ခွေးရူးပြန်ရောဂါ၊ ဒေါင့်သန်းရောဂါကြောင့်သေဆုံးတဲ့ ကျွဲ၊ နွား အသားစားမိရင် “ဒေါင့်သန်းရောဂါ” ရနိုင်တယ်။

မြစ်ချောင်းအင်းအိုင်တွေ ရေကြီးရေလျှံတဲ့အခါ ယင်းဒေသ လူတွေရဲ့ အခြေခံစီးပွားရေးအားလုံး ပျက်စီးရတာကြောင့် နေရာပြန်လည်ချထားရေးမှာ ရေကြီး၊ ရေလွှမ်းဒဏ်ခံနိုင်မယ့် အိမ်မြင့်မြင့်ဆောက်ရမယ်။ သက်ဆိုင်ရာဒေသန္တရာအစိုးရနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်လုပ်ကိုင်သင့်ပြီး မိုးလေဝသတင်း နေ့စဉ်နားထောင်ဖို့လိုပါတယ်။

၂၀၁၈ ခုနှစ် မေ၊ ဇွန်လအတွင်း ရေကြီး၊ ရေလျှံမှုကြောင့် တစ်နိုင်ငံလုံးမှာ လူ ၈ ဦးသေဆုံးကာ အိမ် ခြေငါးထောင်ပျက်စီးကာ စိုက်ပျိုးမြေဧက ကိုးသောင်းကျော်ပျက်စီးကာ ကျောင်းပေါင်း ၂၀၀ ကျော် ယာယီ ပိတ်ထားရကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးက ဆိုတယ်။

ဒေါက်တာလွင်သန့်