News

POST TYPE

LATEST NEWS POST

ဝန်းသိုတွင် ဝက်နားရွက်ပြာရောဂါဖြစ်ပွား၍ ဝက်သယ်ယူမှု တားမြစ်
25-Jun-2018
ကလေး၊ ဇွန် ၂၅ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၂၀ ကျော်တွင် ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားနေသည့်အတွက် အခြားမြို့နယ်များသို့ မကူးစက်နိုင်ရေး ထိန်းချုပ်နေပြီး ဝက်သယ်ယူတင်ပို့မှုကိုလည်း တားမြစ်ထားကြောင်း ဝန်းသိုမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာ ဇာနည်ဇော်က ပြောကြားသည်။

ဝန်းသိုမြို့နယ်အတွင်း ဝက်နားရွက်ပြာ ရောဂါလက္ခဏာသည် လွန်ခဲ့သည့်နှစ်လခန့်မှ စတင် တွေ့ရှိခဲ့ပြီးနောက် ဝက်များ အများအပြား သေဆုံးခဲ့သဖြင့် သေဆုံးဝက်များ၏ ကိုယ်တွင်းအင်္ဂါများကို ဓာတ်ခွဲခန်းပို့စစ်ဆေးခဲ့ရာ ဝက်နားရွက်ပြာရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်ကို ဇွန်လ ၁၄ ရက်နေ့က ထွက်ရှိခဲ့သည့် ဓာတ်ခွဲခန်းအဖြေအရ သိရှိခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါရောဂါ အခြားမြို့နယ်များသို့ ပျံ့နှံ့မှုမရှိစေရေးအတွက် ဝန်းသိုမြို့မှ အခြားမြို့များသို့ ဝက်သယ်ယူတင်ပို့မှုများ မပြုလုပ်ရန်လည်း တားမြစ်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အရင်တုန်းကတော့ ဒါမျိုးမဖြစ်ဖူးဘူး။ အခြားနယ်တွေကနေ ဝက်အသစ်တွေ ဝင်တဲ့အခါ ဌာနကို သတင်းမပို့ဘဲနဲ့ မျိုးကောင်းတယ်ဆိုပြီး ဝယ်ခဲ့တာတို့ ၊ ဒါမျိုးတွေကနေ အစပျိုးတယ်လို့ပဲ ယူဆလို့ရမယ်။ အခုလည်း အခြားမြို့တွေကို မကူးစက်ဖို့ရည်ရွယ်ပြီး ရောဂါတည်ငြိမ်သွားတဲ့ အချိန်ထိ သယ်ယူမှုတွေကို ပိတ်ထားမယ်။ သေဆုံးနှုန်းတွေကတော့ နည်းသွားပေမယ့် လုံးဝတည်ငြိမ်တဲ့ အနေအထား မရှိသေးတော့ စောင့်ကြည့်နေဆဲပဲ”ဟု ဒေါက်တာ ဇာနည်ဇော်က ဆိုသည်။

ဝန်းသိုမြို့နယ်အတွင်း ကျေးရွာ၊ ရပ်ကွက် စုစုပေါင်း ၁၇၀ ကျော်ရှိပြီး ကျေးရွာ၊ ရပ်ကွက် စုစုပေါင်း ၁၂၀ ကျော် တွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဌာနမှ အသိပညာပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ဝက်များကို ဆေးကုသမှု ပြုလုပ်ခြင်းစသည်တို့ကို ဆောင်ရွက်နေကြောင်း ဝန်းသိုမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံမှ သိရသည်။

ရာသီဥတု အပြောင်းအလဲကြောင့် လွန်ခဲ့သည့် နှစ်လခန့်မှစတင်၍ ကသာခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ ဝက်များ၌ ကျန်းမာရေး မကောင်းသည့် လက္ခဏာများ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဝက်သေဆုံးမှု များလာပြီး ကောလင်းမြို့နယ်သို့ပါ ရောဂါကူးစက်ဖြစ်ပွားလာကြောင်း ကသာခရိုင်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဒေါက်တာ ဌေးဇော်ဦးက ပြောကြား သည်။

ယင်းရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန် ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားနေသည့်ဒေသမှ အခြားဒေသသို့ ဝက်များကို ကူးသန်းသယ်ဆောင်သွားပါက သယ်ဆောင်သွားသည့် ဒေသရှိ တိရစ္ဆာန်များပါ ကူးစက်မှုဖြစ်ပွားလာနိုင်ခြင်းကြောင့် သယ်ဆောင်ခွင့်ကို အဓိက ထိန်းချုပ်ထားကြောင်း ၎င်းကပြောဆိုသည်။

ဝက်နားရွက်ပြာရောဂါသည် ဝန်းသိုမြို့မှ ကောလင်းအရှေ့ခြမ်းရှိ ကျေးရွာများသို့ပါ ကူးစက်ပြန့်ပွားလာခြင်းကြောင့် ရောဂါမဖြစ်ပွားသည့် ခြံများရှိ ဝက်များမှာလည်း ဝက်တစ်ကောင်ဈေးနှုန်း နှစ်သိန်းကျပ်မှ ခြောက်သောင်း၊ ခုနစ်သောင်းဈေးဖြင့်သာ ရောင်းချနေရခြင်းကြောင့် အရှုံးဖြင့် ရင်ဆိုင်နေရသည်ရှိကြောင်း ကောလင်းဒေသခံ ဦးသူက ပြောကြားသည်။

ယင်းရောဂါသည် ဗိုင်းရပ်စ်ကြောင့် ဖြစ်သည့်အတွက် ကုသ၍မရကြောင်း ကုသ၍ မရသည့်အပြင် ရောဂါဖြစ်ပွားသည့်ဝက်တွင် အခြားဗက်တီးရီးယား ရောဂါပိုးများ ဝင်လာသည့်အတွက် ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးပေါင်းမိပါက ဝက်များ သေဆုံးကြောင်း၊ အဆိုပါရောဂါကြောင့် သေဆုံးသည့်ဝက်ကို စားသုံးပါက လူတွင် အန္တရာယ် မဖြစ်ပေါ်နိုင်သော်လည်း ဗိုင်းရပ်စ်ပိုးများသည် အခြားမျိုးပွားအဖြစ် ဖြစ်ပေါ်ပြီး လူကို အန္တရာယ်ပေးနိုင်ခြေရှိသည့်အတွက် မစားသုံးသင့်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံမှ သိရသည်။

R-20/ R-09