News

POST TYPE

LATEST NEWS POST

ရန်ကုန်အပါအဝင် ဒေသအချို့ မိုးသည်းထန်နိုင်
25-Jun-2018 tagged as မိုးလေဝသ


ရန်ကုန်၊ ဇွန် ၂၅

အနောက်တောင် မုတ်သုံလေသည် ယခုလကုန်အထိ အားကောင်းနိုင်ဖွယ်ရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြား သည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးသည်းထန်နိုင်ပြီး ယင်းဒေသများတွင် ဇွန်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ စုစုပေါင်း မိုးရေချိန် ခြောက်လက်မမှ ၁၀ လက်မအတွင်း ရရှိ နိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

“လာမယ့် သီတင်းပတ်အထိတော့ မုန်တိုင်းဖြစ်ဖို့ အခြေအနေ မတွေ့ရသေးဘူး”ဟု ဦးကျော်လွင်ဦးကဆိုသည်။

ထို့ပြင် မုတ်သုံလေ အားကောင်းနေသည့်အတွက် ကမ်းရိုးတန်းဒေသများတွင် မိုးရွာသွန်းမှု အားကောင်းနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပြီး လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့်လည်း အဆောက်အအုံအချို့ အမိုးလန်ပျက်စီးခဲ့ကာ သစ်ပင်များလည်း ပြိုလဲခဲ့သည်။

ထို့ပြင် ဇွန်လ ၂၆ ရက်နေ့၌ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

E-03