News

POST TYPE

LATEST NEWS POST

တနင်္သာရီမြို့တွင် မှိုစားပြီး လူ ၁၅ ဦး အော့အန်မှုဖြစ်
25-Jun-2018 tagged as မှို အဆိပ်သင့်

မြိတ်၊ ဇွန် ၂၄ 

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စု ပျို့အိုင်ကျေးရွာတွင် ဇွန်လ ၂၃ ရက်က မှိုစားပြီး လူ ၁၅ ဦး အော့အန်မှုဖြစ်ခဲ့ရကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

တော (ဥယျာဉ်) ထဲမှ ကောက်ယူလာသည့် မှိုတစ်မျိုးအား စားနေကျဖြစ်သည့် (ဒေသအခေါ်ကျွတ်မှို) အမျိုးအစားထင်ပြီး ကြော်လှော်ချက်ပြုတ်စားသုံးမိကာ တစ်နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ လေချည်းသက်သက်အန်ခြင်းနှင့် ခေါင်းမူးခြင်းတို့ဖြစ်ခဲ့ကြကြောင်း အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“တောထဲက ကောက်လာတဲ့မှိုကို စားလို့ရတဲ့ ကျွတ်မှိုဆိုပြီး စားလိုက်တာ၊ ကျွတ်မှိုမဟုတ်ဘဲ တောရိုင်းထဲမှာ ပေါက်တဲ့မှို ဖြစ်နေတယ်” ဟု ညောင်ပင်ကွင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ ရုံးစာရေး ကိုစိုးလင်းခန့်က ပြောသည်။

အဆိုပါမှိုအား နေအိမ် ၅ ဆောင်မှ စားသောက်ခဲ့သဖြင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၇ ဦး စုစုပေါင်း ၁၅ ဦးတို့သည် မူးဝေအော့အန်ခြင်း ဖြစ်ခဲ့ရကြောင်း ကိုစိုးလင်းခန့်က ပြောပြသည်။

ယင်း ၁၅ ဦးအနက် ၁၃ ဦးမှာ ညောင်ပင်ကွင်းရွာ ကျေးလက်ဆေးခန်းတွင် ဆေးဝါးကုသမှုခံယူခဲ့ရပြီး ၂ ဦးအား အရေးပေါ်လူနာအဖြစ် တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ညောင်ပင်ကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“မှိုနဲ့ပဲဆိုင်တာ၊ အခြားအစားအသောက်တွေနဲ့ သိပ်မဆိုင်ပါဘူး။ စားနေကျဆိုပေမယ့် မျိုးကွဲမတူလို့ ဖြစ်ပါလိမ့်မယ်။ လူနာတွေလည်း သက်သာနေပါပြီ” ဟု တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာလင်းထိုက်က ပြောသည်။

Dawei Watch