News

POST TYPE

LATEST NEWS POST

တရားမဝင် သွယ်တန်းသော ဆက်သွယ်ရေးဖိုက်ဘာကုမ္ပဏီများကို တရားစွဲမည်
24-Jun-2018


ရန်ကုန်၊ ဇွန် ၂၄

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရန်ကုန်မြို့တော်အတွင်း တည်ဆောက်ထားသော ဆက်သွယ်ရေး ကေဘယ်လ်တိုင်များတွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် သွယ်တန်းထားသည့် ဆက်သွယ်ရေး ဖိုက်ဘာ (Fiber Cable) ကုမ္ပဏီများကို တရားစွဲဆိုမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ တရားမဝင် လာရောက်သွယ်တန်းထားသော Fiber Cable များနှင့် သက်ဆိုင်သော ကုမ္ပဏီများအနေနှင့် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ လာရောက် ဆက်သွယ်ခြင်းနှင့် ဖယ်ရှားခြင်းတို့ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

“အဓိက ကျွန်တော်တို့က စည်းကမ်းတကျနဲ့ တရားဝင် ဖြစ်စေချင်တာပါ။ သူတို့လည်း ဈေးကွက်ထဲမှာယှဉ်ပြိုင်ဖို့ အခွင့်အရေး ရှိပါတယ်။ ဒါပေမဲ့ ဥပဒေဘောင်ထဲကတော့ ဖြစ်ရမှာပေါ့”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်းက ပြောကြားသည်။ 

သက်ဆိုင်ရာ ကုမ္ပဏီများအနေနှင့်လည်း ယင်းသို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တည်ဆောက်ထားသော ဆက်သွယ်ရေး ကေဘယ်လ်တိုင်များတွင် ချိတ်ဆက်လုပ်ဆောင်လိုပါကလည်း စီးပွားရေး လုပ်ငန်းသဘောအရ ဆက်သွယ်ညှိနှိုင်းနိုင်ကြောင်း ၎င်းကပြောဆိုသည်။

အဆိုပါ အသိပေး အကြောင်းကြားစာကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ဆက်သွယ်ရေးဖိုက်ဘာ (Fiber Cable) နှင့် သက်ဆိုင်သော ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီအားလုံးသို့ အကြောင်းကြားထားပြီး ကုမ္ပဏီအချို့သာ ပြန်လည် အကြောင်းကြားမှုများ လုပ်ဆောင်လာကြောင်း ၎င်းကရှင်းပြသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ဆက်သွယ်ခြင်း၊ ဖယ်ရှားခြင်းများ မပြုလုပ်သော Fiber Cable များကို ဇူလိုင်လ ၂ ရက်နေ့မှ စတင် ဖယ်ရှားသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ကုမ္ပဏီများကိုလည်း တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွာမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဇွန်လ ၂၄ ရက်နေ့၌ နိုင်ငံပိုင်သတင်းစာတွင် အသိပေး ကြေညာထားခြင်းဖြစ်သည်။ 

ယင်းသို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေး တာဝါတိုင်များပေါ်တွင် ဆက်သွယ်ရေး ဖိုက်ဘာများ တရားမဝင် လာရောက်သွယ်တန်းထားသော သက်ဆိုင်ရာကုမ္ပဏီများကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လ၊ ဩဂုတ်လများနှင့် ၂၀၁၈ ခုနှစ် ဇွန်လတွင်လည်း အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

J-01