News

POST TYPE

LATEST NEWS POST

ပြည်ထဲရေးကိုထိန်းချုပ်ရန် အခက်အခဲရှိဟု ဒေါက်တာဇော်မြင့်မောင်ပြော
24-Jun-2018 tagged as NLD

ရန်ကုန်၊ ဇွန် ၂၄

ပြည်ထဲရေးဝန်ကြီးကို အစိုးရအဖွဲ့ကခန့်အပ်ခဲ့ခြင်း မဟုတ်သောကြောင့် ထိန်းချုပ်ရန် အခက်အခဲရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

ဇွန်လ ၂၄ ရက်က NLD ပါတီ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံအပြီး သတင်းစာရှင်းလင်းပွဲတွင် အစိုးရအဖွဲ့အနေနှင့် ပြည်ထဲရေးဝန်ကြီးဌာနကို ကိုင်တွယ်ထိန်းချုပ်မှုနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦးကမေးမြန်းမှုကို အစိုးရအဖွဲ့အနေနှင့် ပြည်ထဲရေးဝန်ကြီးကို ခန့်အပ်ရခြင်း မရှိသည့်အတွက် ထိန်းချုပ်ရန်ခက်ခဲကြောင်း ၎င်းက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ချင်သည့် အကြောင်းရင်းတွင် ယင်းအချက်ပါဝင်ပြီး အစိုးရအဖွဲ့ကို ပြည်ထဲရေးကို ခန့်အပ်ခွင့် မရှိသည့်အတွက် ခက်ခဲမှုရှိသော်လည်း လွှတ်တော်မှတစ်ဆင့် စောင့်ကြည့်ထိန်းကျောင်းနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ချင်တဲ့အထဲမှာ အဲဒီတစ်ချက်ပါပါတယ်။ ကျွန်တော်တို့ ပြည်ထဲရေးကို အစိုးရက ခန့်အပ်ပိုင်ခွင့်မရှိဘဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နာမည်စာရင်း ပေးတဲ့အတွက် ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရအဖွဲ့ရဲ့ ခန့်အပ်တာမဟုတ်တော့ ကိုင်တွယ်ရ ဖြေရှင်းရခက်ပါတယ်။ ဒါပေမဲ့ ဒီလိုပြည်ထဲရေးက အစိုးရလက်အောက်မှာ မရှိတဲ့အတွက် Watch လုပ်လို့ မရတာတော့ မဟုတ်ဘူး။ လွှတ်တော်ကလည်း အစိုးရအဖွဲ့ လုပ်ငန်းအားလုံးကို စောင့်ကြည့်ပါတယ်”ဟု ၎င်းကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထဲရေး ဝန်ကြီးဌာန အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများကိုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေး ခန့်အပ်ခြင်းဖြစ်သည်။

ထို့ပြင် NLD ပါတီအနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ရည်ရွယ်ချက်ရှိပြီး ပြည်သူလူထု မနစ်နာသည့် နည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မည်သည့်အချိန်တွင် ပြင်ဆင်နိုင်မည်ကိုတော့ အတိအကျ ပြောကြားနိုင်ခြင်း မရှိကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကမ်ပိန်းများ ပြုလုပ်ခဲ့သော်လည်း အစိုးရဖွဲ့ပြီး အဆိုပါ ပြင်ဆင်ရေး လုပ်ဆောင်ချက်ကို လုပ်ဆောင်ခြင်းမရှိတော့ဘဲ ငြိမ်းချမ်းရေးညီလာခံတွင် ထည့်သွင်းဆွေးနွေးနေသည့် အနေအထားဖြစ်သည်။

J-08