News

POST TYPE

LATEST NEWS POST

၂၀၁၆ အကြမ်းဖက်တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သည့် မွတ်ဆလင်ဘာသာရေးခေါင်းဆောင်ကို အင်ဒိုနီးရှား သေဒဏ်ချမှတ်


ဂျကာတာ၊ ဇွန် ၂၂

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာရှိ စတားဘတ်ဂ်ကဖေးဆိုင်တွင် ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ရပ်ကို ကြိုးကိုင်ခဲ့သည့် အင်ဒိုနီးရှားလူမျိုး မွတ်ဆလင်ဘာသာရေးခေါင်းဆောင် အမန်အပ္ပဒူရာမန်ကို ဂျကာတာတရားရုံးတော်က သေဒဏ်ချမှတ်လိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဂျကာတာတရားရုံးတွင် အဆိုပါ မွတ်ဆလင်ဘာသာရေးခေါင်းဆောင်၏ အမှုကို တရားစီရင်သည့် သောကြာနေ့က လုံခြုံရေးအထူးတင်းကျပ်ထားခဲ့သည်။ 

“တရားခံဖြစ်သူက အကြမ်းဖက်ရာဇဝတ်မှုကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ သက်သေပြဝန်ခံသွားခဲ့တယ်” ဟု တရားသူကြီးအာမက်ဂျာနီက ပြောကြားသည်။ “သူ့ကိုသေဒဏ်ပေးမှာပါ” ဟု ၎င်းက ပြောကြားသည်။ 

ဂျကာတာအကြမ်းဖက်တိုက်ခိုက်မှုတွင် အဓိကပါဝင်ခဲ့သည့် ယင်းဘာသာရေးခေါင်းဆောင်သည် သေဒဏ်ချမှတ်သည့် အမိန့်ထွက်ပေါ်လာသော်လည်း မတုန်မလှုပ်ပင် တုံ့ပြန်ခဲ့သည်ကိုတွေ့ရသည်ဟု တရားရေးဝန်ထမ်းများက ဆိုသည်။ 

ကမ္ဘာ့အကြီးဆုံးမွတ်ဆလင်နိုင်ငံဖြစ်သော အင်ဒိုနီးရှားတွင် သေဒဏ်ချမှတ်ရာ၌ သေနတ်ဖြင့် ပစ်ခတ်ကွပ်မျက်လေ့ရှိသည်။ အင်ဒိုနီးရှားသည် မွတ်ဆလင်အစွန်းရောက်အုပ်စုများ၏ ပုန်ကန်ထကြွမှုများကိုလည်း ရင်ဆိုင်ဖြေရှင်းနေရသည့် နိုင်ငံဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်ကအပန်း ဖြေကမ်းခြေမြို့ဖြစ်သည့် ဘာလီမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၂၀၀ ကျော်သေဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ ကမ္ဘာလှည့်ခရီးသွားများဖြစ်ကြသည်။ ယင်းဖြစ်ရပ်သည် အင်ဒိုနီးရှားတွင် အဆိုးရွားဆုံးသော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သည်။ 

အမန်အပ္ပဒူရာမန်သည် IS အကြမ်းဖက်အုပ်စုကိုထောက်ခံသည့် အင်ဒိုနီးရှားအစွန်းရောက်အုပ်စုများ၏ ခေါင်းဆောင်ဟုယုံကြည်ရပြီး ဒေသတွင်းအစွန်း ရောက်အုပ်စုဖြစ်သော ဂျမားအန်ရှာရွတ် ဒူလာ (JAD) ကွန်ရက်၏ ဘာသာရေးခေါင်းဆောင်လည်းဖြစ်သည်။ 

အာဏာပိုင်များအဆိုအရ JAD သည် ၂၀၁၆ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုနှင့် လတ်တလော ဆူရာဘာယာမြို့ အသေခံဗုံးခွဲတိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည်။ အသက် ၉ နှစ်နှင့် ၁၂ နှစ် အရွယ် မိန်းကလေးငယ်များပါဝင်သည့် မိသားစုနှစ်စုက ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၃ ဦး သေဆုံးသွားခဲ့သည်။ 

အကြမ်းဖက်အုပ်စုလေ့လာသူများ၏ အဆိုအရ အမန်အပ္ပဒူရာမန်သည် ဂျီဟတ်အုပ်စုဖြစ်သော IS ခေါင်းဆောင်များနှင့် အဆက်အသွယ်ရှိပြီး အင်ဒိုနီးရှားနိုင်ငံတွင်း IS ဝါဒဖြန့်ရာ၌ အရေးကြီးသည့် ဘာသာပြန်အလုပ်များကို လုပ်ကိုင်ခဲ့သည်။

F-01