News

POST TYPE

LATEST NEWS POST

ဥရောပထုတ်ကားများကို အခွန် ၂၀ ရာခိုင်နှုန်းချမည်ဟု ထရမ့်ခြိမ်းခြောက်
24-Jun-2018



ဝါရှင်တန် ဇွန် ၂၃

မော်တော်ယာဉ်တင်သွင်းမှုသည် အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်ခြင်းရှိ၊ မရှိအမေရိကန် အစိုးရကစုံစမ်း စစ်ဆေးမှုစတင်ပြီးနောက် တစ်လအကြာတွင် အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသော ဥရောပထုတ်ကားများအားလုံးကို အခွန် ၂၀ ရာခိုင်နှုန်းချမှတ်မည်ဟု သမ္မတထရမ့်က ခြိမ်းခြောက်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

“အမေရိကကိုသွင်းလာတဲ့ သူတို့ကားတွေကို အခွန် ၂၀ ရာခိုင်နှုန်းချမှတ်မှာပါ။ အဲဒီကားတွေကို ဒီမှာလာပြီး ဆင်ကြပေါ့”ဟု ထရမ့်က twitter တွင် ပြောကြားသည်။

ထရမ့်၏စကားကြောင့် ဥရောပမော်တော်ယာဉ်လုပ်ငန်း စတော့ရှယ်ယာဈေးနှုန်းများ ထိုးကျခဲ့ပြီး နောက်ဆုံး ၁ ဒသမ ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဖို့ဒ်ကုမ္ပဏီရှယ်ယာများသည် အနီရောင်ဇုန်သို့ရောက်သွားခဲ့ပြီး ဝ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းကာ GM ရှယ်ယာသည် ဝ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

မော်တော်ယာဉ် တင်သွင်းမှုသည် အမျိုးသားအကျိုးစီးပွားအပေါ် ခြိမ်းခြောက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုကို ၂၀၁၉ ဖေဖော်ဝါရီလတွင် အပြီးသတ်ရန် သတ်မှတ်ထားသော်လည်း လာမည့်ဇူလိုင်၊ ဩဂုတ်လတွင် အချိန်စော၍ ပြီးစီးရန် ရည်မှန်းထားသည်ဟု ကုန်သွယ်ရေးဌာန ဝန်ကြီးဝီလ်ဘာရော့စ်က ပြောကြားသည်။

အဆိုပါစုံစမ်းစစ်ဆေးမှုအပေါ် ဇူလိုင်လအတွင်း ပြည်သူများမှတ်ချက်ပေးရန် နှစ်ရက်စီစဉ်ပေးမည်ဟု ကုန်သွယ်ရေးဌာနက ဆိုသည်။

အမေရိကသို့ ဂျာမန်ကားများတင်သွင်းမှုကို အကြိမ်ကြိမ် ပြစ်တင်ဝေဖန်ခဲ့သူ သမ္မတထရမ့်သည် မေလ ၁၁ ရက်က အိမ်ဖြူတော်တွင် မော်တော်ယာဉ် ထုတ်လုပ်သူများနှင့် တွေ့ဆုံခဲ့ရာ နိုင်ငံခြားလုပ် မော်တော်ယာဉ်အချို့ကို အခွန် ၂၀ သို့မဟုတ် ၂၅ ရာခိုင်နှုန်း ချမှတ်ရန် စီစဉ်နေသည်ဟု ပြောကြားခဲ့ပြီး ဂျာမန်ကားလုပ်ငန်းက အမေရိကန်အပေါ် ကုန်သွယ်ရေးပိုငွေပြနေခြင်းကို ပြင်းထန်စွာရှုတ်ချခဲ့သည်။

လက်ရှိတွင် ဥရောပထုတ်လူစီးကားများကိုအခွန် ၂ ဒသမ ၅ ရာခိုင်နှုန်း၊ နောက်ဖွင့်ပစ်ကပ်ကားများကို ၂၅ ရာခိုင်နှုန်း အမေရိကန်ဘက်မှ ကောက်ခံနေပြီး အမေရိကန်လုပ်ကားများကို ဥရောပက အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံနေသည်။

ထရမ့်၏ မော်တော်ယာဉ် အခွန်အဆိုပြုမှုကို ရီပတ်ဘလစ်ကန်အမတ်များနှင့် စီးပွားရေးအသိုင်းအဝိုင်းက ပြစ်တင်ဝေဖန်ခဲ့ကြသည်။ အကြီးစားအမေရိကန်နှင့် နိုင်ငံခြားကားကုမ္ပဏီများအုပ်စုက မော်တော်ယာဉ် တင်သွင်းမှုသည် အမျိုးသားအကျိုးစီးပွားအပေါ် ခြိမ်းခြောက်မှုမရှိကြောင်း စိတ်ချလက်ချ အာမခံရဲသည်ဟု ပြောကြားသည်။

အမေရိကန်ကုန်သည်ကြီးများအသင်းကလည်း အမေရိကန်ကားထုတ်လုပ်မှုသည် ဆယ်နှစ်အတွင်း နှစ်ဆတိုးခဲ့ကြောင်းနှင့် ယခုအဆိုပြုသော မော်တော်ယာဉ်အခွန်သည် အလားအလာကောင်းနေသောကားလုပ်ငန်းကို ထိခိုက်စေနိုင်ပြီး ကုန်သွယ်ရေးစစ်ပွဲကို အစပြုစေနိုင်ကြောင်း မှတ်ချက်ပေးသည်။

ဂျာမနီမှ Volkswagen, Daimler, BMW ကားလုပ်ငန်းများသည် အမေရိကတွင် တပ်ဆင်ရေးစက်ရုံများတည်ထောင်ထားကြပြီး BMW ၏ တောင်ကယ်ရိုလိုင်းနားစက်ရုံတွင် အလုပ်သမား ၉၀၀၀ ကျော်ကို အလုပ်ပေးထားသည်။

၂၀၁၇ အတွင်းတစ်ကမ္ဘာလုံးရှိ Mercedes နှင့် BMW ကားများ၏ ၁၅ ရာခိုင်နှုန်း၊ Volkswagen ကားများ၏ ၅ ရာခိုင်နှုန်းနှင့် Audi ကားများ၏ ၁၂ ရာခိုင်နှုန်းကို အမေရိကန်ပြည်ထောင်စုတွင် ရောင်းချခဲ့ရသည်။

F-04