News

POST TYPE

LATEST NEWS POST

မွန်ရေဘေးသင့်သူများ ပြန်လည်ထူထောင်ရေး ပြည်နယ်အစိုးရ ကူညီမည်
မော်လမြိုင်၊ ဇွန် ၂၃ 

မွန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရ ကူညီပေးမည်ဟု ဇွန်လ ၂၂ ရက်က ပြည်နယ်အစိုးရရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။ 

“ရေဘေးသင့်ပြည်သူတွေအတွက်က ဒီနေရာမှာ မှန်တယ်နေနေတယ်ဆိုရင် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေကို ကြည့်ပြီးတော့ ကျွန်တော်တို့ ပြန်လည်တည်ဆောက်ပေးမှာပါ၊ ရေထဲမျောပါသွားတဲ့ အိမ်တွေလည်း သိပ်များလှတာတော့မဟုတ်ဘူး၊ တကယ်လို့ ၁၀ လုံး ၁၅ လုံးလောက်ပဲဆိုရင် ကျွန်တော်တို့ သူတို့အတွက် ထိုက်သင့်တဲ့ အိမ်ဆောက်နိုင်ဖို့အတွက် ကူညီပေးမှာပါ”ဟု ၎င်းက ဆက်ပြောသည်။ 

ရေကြီးမှုကြောင့် စာသင်ကျောင်းအချို့မှ ကျောင်းအုတ်တံတိုင်းပြိုကျမှုနှင့် ကျောင်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

မွန်ပြည်နယ်အစိုးရမှ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အသုံးပြုရန်အတွက် ဘဏ္ဍာရေးရန်ပုံငွေ သိန်း ၁၈၀၀ ကျပ်နှင့် အလှူရှင်များ လှူဒါန်းထားသော ကျပ်သိန်း ၁၁၀၀ ကျော်တို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

ရေဘေးသင့်သူများအနေနှင့် ပျက်စီးဆုံးရှုံးမှုစာရင်းများကို တိုင်းအစိုးရထံ စာရင်းဇယားဖြင့် ပေးပို့လာပါက ပြည်နယ်အစိုးရက ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ရေဘေးတိမ်းရှောင်စဉ်ကလည်း ပြည်နယ်အစိုးရက ၁၅၅ သိန်းကျော် ထောက်ပံ့ပေးခဲ့ပြီး အလှူရှင်များကလည်း စားသောက်ရေးအတွက် ကျပ်သိန်း ၁၀၀ ခန့် အသုံးပြုခဲ့ကြောင်း၊ ယင်းအပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှလည်း ရေဘေးအတွက် အလှူပစ္စည်း ၁၂ မျိုးကို လှူဒါန်းပေးခဲ့ကြောင်း ၎င်းထံမှသိရသည်။ 

မွန်ပြည်နယ်တွင် ဇွန်လ ၁၇ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုကြောင့် လူ၃ဦးသေဆုံးပြီး ကယ်ဆယ်ရေးစခန်း ၃၄ခု ဖွင့်လှစ်ကာ လူ ၇၀၀၀ ကျော် ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း၊ ဇွန်လ ၂၀ ရက်တွင် ရေဘေးကယ်ဆယ်ရေး စခန်းများအားလုံး ပိတ်သိမ်းပြီးဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 

R-21