News

POST TYPE

LATEST NEWS POST

ကျိုက်သလ္လံစေတီတော်ရင်ပြင်ရှိ တိုးချဲ့ဆောင်အချို့ကို ဖျက်သိမ်းမည်
24-Jun-2018 tagged as မော်လမြိုင်

မော်လမြိုင်၊ ဇွန် ၂၃

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီတော် ရင်ပြင်တော်တွင် တိုးချဲ့ဆောင်အချို့ကို ဖျက်သိမ်းရန် ပြည်နယ်သံဃနာယက သဘောတူထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 

“လက်ရှိမှာတော့ မြေပြိုသွားတဲ့နေရာမှာရှိနေတဲ့ အဆောက်အအုံတွေကို ပညာရှင်တွေရဲ့ အဆုံးအဖြတ်အတိုင်း ဖြိုဖျက်သွားဖို့ရှိတယ်၊ ရင်ပြင်တော်ရဲ့နောက်ပိုင်း တိုးချဲ့ဧရိယာမှာရှိနေတဲ့ အဆောက်အအုံတွေကို မြေခံနိုင်အားပေါ်မူတည်ပြီး ဖျက်သွားမှာပါ”ဟု မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားသည်။ 

ကျိုက်သလ္လံစေတီတော် ပြန်လည်တည်ဆောက်ရေးနှင့် ပြုပြင်ရေးကော်မတီတွင် ရှေးဟောင်းသုတေသန ပညာရှင်များပါဝင်နေသည့်အတွက် ၎င်းတို့၏ အဆုံးအဖြတ်ကိုလည်း ခံယူသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ယာယီပြင်ဆင်ရန် ဆွေးနွေးနေပြီး ပြန်လည်ပြင်ဆင်ရန် ပစ္စည်းများ ရောက်ရှိနေကြောင်း ၎င်းကရှင်းပြသည်။ 

ကျိုက်သလ္လံစေတီတော်ကို ဘုရားဖူးပြည်သူများ ဘုရားဖူးလာရောက်နိုင်ရန် ယာယီပြင်ဆင်သည့် အပိုင်းနှင့် ပွင့်လင်းရာသီရောက်ပါက အထွေထွေပြန်လည်ပြင်ဆင်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကျိုက်သလ္လံစေတီတော်ကြီး ပြန်လည်ပြုပြင်ရန် အလှူငွေကျပ်သိန်း ၁,၆၀၀ ကျော် ရရှိထားကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။ 

“သံဃာနာယကအဖွဲ့က ဆရာတော်ကြီးတွေမိန့်သွားတာက၊ ရှေးဟောင်း အဆောက်အဦးကလွဲရင်ပြီးရင် ခေတ်ပေါ်အဆောက်အဦးအားလုံးကို ရဲရဲဝံ့ဝံ့ဖြိုပစ်ပါ၊ တောင်ပေါ်မှာ ခေတ်ပေါ်အဆောက်အဦးတွေ ဆောက်ခွင့်မပေးပါနဲ့တော့၊ ရှေးဟောင်းအဆောက်အဦးတွေကိုတော့ ထားထားပါဆိုပြီး ဆရာတော်တွေ မိန့်ကြားထားပါတယ်” ဟု ၎င်းက ပြောဆိုသည်။ 

ကျိုက်သလ္လံစေတီတော်တွင် ရှေးဟောင်းအဆောက်အဦးများစွာရှိနေသည့်အတွက် ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် အင်ဂျင်နီယာအဖွဲ့မှ ပညာရှင်များ၊ ရှေးဟောင်းသုတေသနပညာရှင်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ခေါ်ဆောင်လာသည့် အင်ဂျင်နီယာပညာရှင်တို့၏ အကြံဉာဏ်များကို ရယူပြီးမှသာလျှင် ပြုပြင်မွမ်းမံရမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 

လက်ရှိတွင် ကျိုက်သလ္လံစေတီတော် ပေါ်တွင်ရွေ့ပြောင်းထားသည့်များမှာ မြေပြိုသွားသည့် ဘက်မှဆင်တုတော်များကို ရွေ့ပြောင်းထားကြောင်း၊ စေတီတော်ပေါ်တွင် အသစ်ဆောက်ထားသည့် အဆောက်အအုံအနည်းငယ်ရှိသဖြင့် အသစ်ဆောက်ထားသော အဆောက်အအုံများ ဖျက်မည်ဆိုပါက ယင်းအဆောက်အအုံများ ပါဝင်ကြောင်း ကျိုက်သလ္လံစေတီတော် ဂေါပက အတွင်းရေးမှူး ဦးဟန်လွင်က ပြောကြားသည်။

ကျိုက်သလ္လံစေတီတော်တွင် ရှေးဟောင်းအဆောက်အဦးများစွားရှိကြောင်း ထိုအထဲတွင် မုခ်ဦး (၄) ခု ဆောင်တန်း ၄ ခု၊ အနောက်ဘက်ရင်ပြင်တော်တွင် ရှေးဟောင်းကနုတ်လက်ရာများ၊ ဇာတ်ကြီး ၁၀ ဘွဲ့ကို သစ်သားပေါ်တွင် ထွင်းထားသည့် လက်ရာများရှိကြောင်း ၎င်းက ပြောဆိုသည်။ 

မော်လမြိုင်မြို့၏ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်ကြီးသည် ၁၉၄၅ ခုနှစ်တွင် တစ်ကြိမ် မြေသားပြိုကျခဲ့ပြီး ယခု ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ် ထပ်မံပြိုကျမှုဖြစ်ပေါ်ခဲ့ကြောင်း ကျိုက်သလ္လံစေတီတော်၏ မှတ်တမ်းများအရသိရသည်။

R-21