News

POST TYPE

LATEST NEWS POST

အရက်ဖိုး ၅၀ တောင်းရာက သမီးယောက်ဖ ဓားခုတ်မှုဖြစ်
23-Jun-2018 tagged as ရန်ကုန်

ရန်ကုန်၊ ဇွန် ၂၃

လှည်းကူးမြို့နယ်၊ ဘိုးရင်ကလေး ကျေးရွာတွင် ဇွန်လ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အရက်ဖိုးငွေ ၅၀ ကျပ်တောင်းရာက သမီးယောက်ဖနှစ်ဦး စကားများ ရန်ဖြစ်ပြီး ဓားခုတ်မှုဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ဓားခုတ်မှု ကျူးလွန်သည်ဟုဆိုသော အမျိုးသားမှာ အသက် ၄၃ နှစ်အရွယ် သန့်ဇင်ဖြစ်ပြီး ဓားခုတ်ခံရသူမှာ အသက် ၂၇ နှစ်အရွယ် ပြည့်စုံဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် တစ်ခြံတည်းအိမ်နီးချင်း ကပ်လျက်နေထိုင်ပြီး ယင်းနေ့က ဓားခုတ်ခံရသူ၏နေအိမ်တွင် အရက်သောက်စားနေစဉ် အရက်ဖိုးငွေ ၅၀ ကျပ်တောင်းဆိုရာက စကားများ ရန်ဖြစ်နေသဖြင့် ယခု အမှုဖွင့်တိုင်ကြားသူ အသက် ၅၆ နှစ်အရွယ် ဒေါ်သန်းဌေးက လူချင်းခွဲပေးပြီးနောက် ထပ်မံ စကားများ ရန်ဖြစ်ကာ ဓားခုတ်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“ဓားနဲ့ ခုတ်တဲ့သူက အခုတရားလို လုပ်တဲ့ ယောက္ခမနဲ့ အတူနေတယ်။ ဓားနဲ့ အခုတ်ခံရတဲ့သူက အခု အမှုဖွင့်တိုင်တဲ့ သူရဲ့သား။ သူက အိမ်အောက်ကနေ ဆဲဆိုနေတော့ အိမ်ပေါ်ကလူကလည်း မင်း တက်ရဲရင် တက်ကြည့်လို့ စိန်ခေါ်တာ၊ အဲဒါနဲ့ အောက်က လူကလည်း တက်လာတော့ အပေါ်ကနေ ထင်းခုတ်ဓားမနဲ့ ခုတ်ချလိုက်တာ။ ဓားခုတ်ခံရတဲ့သူက မစိုးရိမ်ရတော့ပါဘူး၊ ဓားနဲ့ခုတ်တဲ့သူတော့ ရဲစခန်းမှာ ဖမ်းထားတယ်၊ အာမခံ ပေးမထားဘူး”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ဓားခုတ်ခံရမှုကြောင့် အသက် ၂၇ နှစ်အရွယ် ပြည့်စုံတွင် ဘယ်နားထင်ပြတ်ရှ ဒဏ်ရာတစ်ချက်ရရှိပြီး လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အင်းစိန်ဆေးရုံကြီးသို့ လွှဲပြောင်းတင်ပို့ကုသခဲ့ရသဖြင့် ဓားခုတ်မှု ကျူးလွန်သည်ဟုဆိုသော အသက် ၄၃ နှစ်အရွယ် ကိုသန့်ဇင်ကို ဒါးပိန်နယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၆/၂၉၄ ဖြင့် ဖမ်းဆီး အရေးယူထားသည်။

J-16