News

POST TYPE

LATEST NEWS POST

အက်ဆီးဒင့်ဖြစ်နေသူကို ကူညီမည့်သူအရေအတွက် သိရှိရန် ဂျာမန်ရဲက ယာဉ်မတော်တဆမှုအတု ဖန်တီးစမ်းသပ်
22-Jun-2018


ဘာလင် ဇွန် ၂၁

လမ်းပေါ်တွင် ကူညီရန်အတွက် ကားရပ်၍ဆင်းလာမည့် အရေအတွက်ကို သိရှိရန် တစ်မျိုးသားလုံး လမ်းအန္တရာယ်ကင်းရှင်းရေးနေ့တွင် ယာဉ်မတော်တဆမှုအတု ဖန်တီးစမ်းသပ်ခဲ့ရာ ကူညီရန် အဆင်သင့်ရှိသူ အနည်းငယ်သာရှိခဲ့ခြင်းကြောင့် တုန်လှုပ်မိသည်ဟု ဂျာမန်ရဲက ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

ဂျာမနီအရှေ့ပိုင်း ဘရန်ဒင်ဘတ်ဂ်ပြည်နယ် အိုဘာဟာဗယ်မြို့မှ ရဲများက ယာဉ်မတော်တဆမှုတွင် ကူညီရန် ကားရပ်၍ ဆင်းလာမည့်သူ အရေအတွက်ကို သိရှိနိုင်ရန် ဒေသခံမီဒီယာအေဂျင်စီနှင့် ပူးပေါင်း၍ ကားထဲတွင် အမျိုးသမီးငယ်နှစ်ဦး ပိတ်မိနေသော ယာဉ်တိုက်မှုအတုတစ်ခုကို ဖန်တီးခဲ့ကြသည်။

အဖြစ်မှန်နှင့်တူစေရန် သရုပ်ဆောင်နှစ်ဦးနှင့် ကားကိုလည်း သွေးများဖြင့် သုတ်လိမ်းပေးထားသည်။ ထို့အပြင် လျှို့ဝှက်ကင်မရာ ၇ ခုကိုလည်း တပ်ဆင်ရိုက်ကူးကာ ရပ်မပေးသောကားများကို ခပ်လှမ်းလှမ်းမှ ပုန်းကွယ်စောင့်ဆိုင်းနေသော ရဲများက တားထားခဲ့ကြသည်။

ကူညီရန်အတွက် ကားရပ်၍ ဆင်းလာသူများကို ရဲများက မတော်တဆမှုအတုဖြစ်ကြောင်း ချက်ချင်းအသိမပေးခဲ့ကြပေ။ ကူညီရန်ဆင်းလာသော စုံတွဲတစ်တွဲက အရေးပေါ်နံပါတ် ၁၁၂ ကို ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ဒဏ်ရာရရှိသကဲ့သို့ ဟန်ဆောင်ထားသူ အမျိုးသမီးငယ်နှစ်ဦးကို နှစ်သိမ့်ပေးခဲ့ကြသည်။

အခြားဖြစ်ရပ်တစ်ခုတွင် ဆိုင်ကယ်သမားတစ်ဦးက အခြားလမ်းသွားလမ်းလာနှစ်ဦးကို ရပ်တန့်ခိုင်းခဲ့ပြီး အရေးပေါ် ပြုစုကုသမှု ပစ္စည်းများဖြင့် အကူအညီပေးရန် ကားဆီသို့ ပြေးသွားခဲ့သည်။

ယာဉ်မတော်တဆမှုတွင် အနည်းဆုံး လမ်းသွားလမ်းလာ ထက်ဝက်ခန့်က ကူညီကြမည်ဟု ရဲများက မျှော်လင့်ခဲ့သော်လည်း ဆယ်ဦးတွင် ကိုးဦးက ကားရပ်ပေးခြင်းမရှိသောကြောင့် တုန်လှုပ်မိသည်ဟု ရဲများက ပြောကြားသည်။

“ယာဉ်မောင်းသူ အများစုက ဘာကြောင့် ရပ်ပြီးမကူညီသလဲ ဆိုတာကို ရှင်းမပြနိုင်ကြဘူး။ သူတို့ကို စကားပြောကြည့်တဲ့အခါ မတော်တဆမှုမှာ အရေးပေါ်ပြုစုကုသမှု အရေးကြီးတာ သိပုံရကြပေမယ့် မရပ်ဘဲမောင်းသွားကြတယ်”ဟု ရဲမင်းကြီး ရောဘတ်မူလာက ပြောကြားသည်။

ခြွင်းချက်ပေးရာတွင် မြန်မြန်ဆန်ဆန် ဘရိတ်မအုပ်နိုင်သော အချက်ပါဝင်ပြီး နောက်တစ်ကြိမ် အခွင့်ကြုံလာလျှင် ရပ်တန့်ပေးစေလိုသည်ဟု ရဲများက ပြောကြားသည်။

CSU ပါတီမှ ဥပဒေရေးရာ ကျွမ်းကျင်သူ မိုက်ကယ်ဖရေဇာကမူ “ရဲတွေက ဒီလိုအလုပ်မျိုးတွေလုပ်ဖို့ အားယားနေကြသလား။ လမ်းအန္တရာယ် ကင်းရှင်းရေး ပညာပေးတာက သူတို့ အလုပ်မဟုတ်ပါဘူး”ဟု ဘန်ဒါစတက်လွှတ်တော်တွင် ပြစ်တင်ဝေဖန်သည်။

သို့ရာတွင် ဒေသခံရဲတပ်ဖွဲ့မှူး အန်ဒရေကွာဒီက “အရေးပေါ်အခြေအနေမှာ ဘယ်လိုလုပ်ဆောင်ကြရမယ် ဆိုတာကို ပြည်သူတွေသိရှိအောင် မြှင့်တင်ပေးတာဟာ အရေးကြီးတဲ့အလုပ်ပါ”ဟု ပြည်တွင်းသတင်းစာသို့ ပြောကြားသည်။

ဂျာမနီတွင် ယင်းကဲ့သို့ မတော်တဆမှုများတွင် ပြည်သူများက ရပ်တန့်၍ကူညီရန် တာဝန်ရှိကြောင်း ဥပဒေကြောင်းအရ သတ်မှတ်ထားပြီး အကူအညီလိုအပ်နေသူကို မကူညီသူသည် ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေချမှတ်ခြင်းဖြစ်စေ ရင်ဆိုင်ရမည်ဖြစ်သည်။ 

F-04



  • VIA