News

POST TYPE

LATEST NEWS POST

ထားဝယ် အာဇာနည်ကျောက်တိုင်နှင့်ရင်ပြင် အာဇာနည်နေ့ အပြီးဆောက်မည်


ထားဝယ်၊ ဇွန် ၂၁

ထားဝယ်မြို့ရှိ တိုင်းဒေသကြီးလွှတ်တော်ဝင်းနံဘေးတွင် တည်ဆောက်နေသည့် အာဇာနည်ကျောက်တိုင်နှင့်ရင်ပြင်ကို အာဇာနည်နေ့အမီ အပြီးတည်ဆောက်မည်ဖြစ်ကြောင်း လမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ်က ပြောသည်။

တိုင်းအစိုးရ၏အစီအမံဖြင့် ဇွန်လအတွင်းက စတင်ဆောက်လုပ်နေပြီး ရင်ပြင်ကို ပေ ၁၅၀ ပတ်လည် ကွန်ကရစ်ခင်းမည်ဖြစ်ကာ အာဇာနည်ကျောက်တိုင် ၉ တိုင် ပါဝင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဦးစီးမှူးဦးဝင်းမင်းထွဋ်က ဆိုသည်။

“အာဇာနည်နေ့ကို အဲဒီမှာ ကျင်းပနိုင်မယ်လို့ ယူဆပါတယ်”ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ်က ဆိုသည်။

ကျောက်တိုင်တစ်တိုင်စီတွင် အာဇာနည် ၉ ဦး၏ ဓာတ်ပုံများ ကပ်ထားမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံပါ ကျောက်တိုင်က ၉ ပေအမြင့်ရှိကာ ကျန်သည့် အာဇာနည်ပုဂ္ဂိုလ် ၈ ဦးပါ ကျောက်တိုင်များက ၇ ပေစီ အမြင့်ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အစိုးရရုံးရှေ့တွင် သမိုင်းဝင်အထင် ကရကျောက်တိုင် ရှိပြီးဖြစ်သည့်အတွက် အသစ်တည်ဆောက်ရန် မလိုအပ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ထားဝယ်) မှ ဦးကျော်ကျော်သက်က ဆိုသည်။

“ဒီရုပ်တုတွေ ကျောက်တိုင်တွေနဲ့ပဲ ပြီးကြတော့မလားလို့ ပြန်မေးချင်တယ်”ဟု ဦးကျော်ကျော်သက်က ပြောသည်။

ယခင်က အာဇာနည်နေ့အခမ်းအနားကို တိုင်းစည်ပင်သာယာရေးအဖွဲ့ရုံးဝင်း အတွင်းတွင် ကျင်းပနေပြီး ယင်းနေရာက နေရာကျဉ်းသည့်အတွက် တက်ရောက် သည့် လူဦးရေပမဏနှင့် အဆင်မပြေ ကြောင်း ဦးဝင်းမင်းထွဋ်က ဆိုသည်။

အာဇာနည်ကျောက်တိုင်နှင့် ရင်ပြင်ကို လမ်းဦးစီးဌာနက တာဝန်ယူဆောက်လုပ်နေပြီး ကုန်ကျမည့်ငွေကြေးကို တည်ဆောက်ပြီးစီးချိန်မှသာ သိနိုင်မည်ဖြစ်ကာ တိုင်းအစိုးရရန်ပုံငွေထဲမှ ကျခံမည့် အခြေအနေရှိကြောင်း ဦးဝင်းမင်းထွဋ်က ဆိုသည်။

တည်ဆောက်ပြီးပါက ပြည်သူများ၏ အခြားအခမ်းအနားများကိုလည်း ကျင်းပခွင့်ရမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

Dawei Watch