News

POST TYPE

LATEST NEWS POST

လိုင်စင်မရှိဘဲ ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့ဆောင်သည်ဟုဆိုကာ သားအမိနှစ်ဦးကို အမှုဖွင့်
21-Jun-2018 tagged as လူကုန်ကူး

ရန်ကုန်၊ ဇွန် ၂၁ 

လှိုင်သာယာမြို့နယ်၊ အမှတ်(၁၅) ရပ်ကွက်ရှိ အဆောင်တစ်ခုတွင် နေထိုင်သည်ဟုဆိုသော အမျိုးသမီးနှင့် ၎င်း၏သမီးဖြစ်သူတို့ကို ပြည်ပအကျိုးဆောင် လိုင်စင်မရှိဘဲ ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့ဆောင်သည်ဟုဆိုကာ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

ယင်းအဆောင်တွင် မေလအတွင်းက နေထိုင်ခဲ့သူ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အသက် ၁၉ နှစ်အရွယ်သားဖြစ်သူကို ထိုင်းနိုင်ငံရှိ ဒူးရင်းခြံတစ်ခြံတွင် စရိတ်ငြိမ်းလုပ်ခလစာ တစ်သိန်းရှစ်သောင်းဖြင့်ထည့် ပေးလိုက်ရာ ဇွန်လ ၁၈ ရက်နေ့က အဆက်အသွယ်ရရှိပြီး အလုပ်လုပ်ကိုင်ရခြင်း၊ စားသောက်နေထိုင်ရခြင်း အဆင်မပြေသဖြင့်ပြန်ခေါ်ပေးရန် သားဖြစ်သူ၏တောင်းဆိုချက်အရ အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုသို့ သွားရောက် အကူအညီတောင်းခဲ့ပြီး အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“အခုအမှုဖွင့်တဲ့သူရဲ့ သားနဲ့ ထောက်ကြန့်မှာနေတဲ့ သူ့ဦးလေး Viber ကနေ အဆက်အသွယ်ရတာ။ အဲဒါနဲ့ ပြန်ခေါ်မယ်၊ ကြိုတင်ယူထားတဲ့ငွေတွေ၊ လမ်းစရိတ်တွေ ပြန်ပေးမယ်ဆိုပြီး ပို့ပေးတဲ့သူကို ညှိနှိုင်းပေမယ့် အဆင်မပြေရာကနေ အမှုဖွင့်တဲ့အထိဖြစ်တာ၊ အမှုဖွင့်ခံရတဲ့သူတွေကို မစစ်ဆေးရသေးဘူး၊ အဲဒါကြောင့် အချက်အလက် ပြည့်ပြည့်စုံစုံ မသိရသေးဘူး”ဟု ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အလုပ်လုပ်ကိုင်ရန် ပို့ဆောင်ပေးသည်ဟုဆိုသော အဆောင်နေ အမျိုးသမီး၏သမီးဖြစ်သူမှာ ထိုင်းနိုင်ငံရှိ ဒူးရင်းခြံတစ်ခြံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မိခင်ဖြစ်သူ၏ အဆက်အသွယ်ဖြင့် ယခုအမှုဖွင့်တိုင်ကြားသူ အမျိုးသမီး၏သားကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ထိုသို့ခေါ်ဆောင်ရာတွင်လည်း လုပ်ခလစာအဖြစ် ငွေကျပ် တစ်သိန်း ရှစ်သောင်းရမည်ဟုဆိုကာ ပြောဆိုခေါ်ဆောင်သွားခြင်းဖြစ်ပြီး ကြိုတင်ငွေအဖြစ် တစ်လစာ ကြိုတင်ငွေ ထုတ်ပေးထားခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ရဲတပ်ဖွဲ့ထံမှ သိရသည်။

J-16