News

POST TYPE

LATEST NEWS POST

ဒိန်းမတ်အလုပ်အကိုင်ဝန်ကြီးဌာနက အလုပ်သမား စစ်ဆေးရေးဦးစီးဌာန အရာထမ်း ၂၀ ကို သင်တန်းပေးရန်စီစဉ်
21-Jun-2018

ရန်ကုန်၊ ဇွန် ၂၁

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက်ရှိ အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း ၂၀ ကို ဒိန်းမတ် အလုပ်အကိုင်ဝန်ကြီးဌာန ကျွမ်းကျင်သူများက လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာစစ်ဆေးမှု စွမ်းဆောင်ရေးမြှင့်တင်မှုသင်တန်းပေးရန် စီစဉ်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

“မနေ့ကဆွေးနွေးတာက Agreement တော့ရပြီ၊ MoU ထပ်ထိုးရဦးမယ်။ နောက်ပြီး လုပ်သားစစ်ဆေးရေးဦးစီးဌာနကို ဒိန်းမတ်က လုပ်ငန်းခွင် ဘေးအန္တရာယ်နဲ့ပတ်သက်ပြီး သင်တန်းပေးမယ်။ အဲဒါတွေကိုတော့ ဆွေးနွေးခဲ့တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ သဘောတူညီချက်မှတစ်ဆင့် နားလည်မှု စာချွန်လွှာကို ထပ်မံလက်မှတ်ရေးထိုးပြီးပါက ယင်းသင်တန်းကို စာတွေ့ လက်တွေ့ လာရောက်လေ့ကျင့် သင်ကြားသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“လက်ရှိ ကျွန်တော်တို့ကို စိုက်ပျိုးရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နဲ့ ပတ်သက်တဲ့ လုပ်ငန်းခွင်ဥပဒေရေးရာတွေကို သင်ကြားပေးတယ်။ မကြာမီ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးဥပဒေက လွှတ်တော်မှာရောက်နေပြီး ဒီဥပဒေထွက်ရင် ကျွန်တော်တို့က အဲဒီလုပ်ငန်းခွင်တွေကို စစ်ဆေးမှု မဖြစ်မနေ လုပ်ရတော့မယ်။ ဌာနအနေနဲ့ အသင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်တာပါ”ဟု အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ဆိုသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် ဒိန်းမတ်နိုင်ငံ အလုပ်အကိုင် ဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုးပွဲကို ဇွန် ၂၀ ရက်က မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး HE.Mr. Peter Lysholt Hansen နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် မြှင့်တင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနနှင့် ဒိန်းမတ်နိုင်ငံ အလုပ်အကိုင် ဝန်ကြီးဌာနတို့အကြား ၂၀၁၅ ခုနှစ်မှစတင်ကာ သုံးနှစ်တာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ခဲ့ရာ ယခု ၂၀၁၈ ဇွန်လတွင် နားလည်မှုစာချွန်လွှာ သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးခွင့်ရှိသည့် စက်ရုံပေါင်း ၆၅၉၄ ရုံရှိသည်။

J-18