News

POST TYPE

LATEST NEWS POST

ကမ္ဘာကျော်လက်ဝဲသီချင်းဆိုပြပြီး နာမည်ပြောင်ခေါ်သည့် ဆယ်ကျော်သက်ကို ပြင်သစ်သမ္မတ မက်ခရွန် ဆုံးမ
20-Jun-2018 tagged as ပြင်သစ် သမ္မတ



ပဲရစ်၊ ဇွန် ၁၉ 

ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကို ရှေ့နာမည် အီမန်နျူရယ်၏ အတိုကောက် အမည်ပြောင် “မာနူ” ဟုခေါ်ပြီး လက်ဝဲသီချင်း The Internationale (L'Internationale) သီဆိုပြခဲ့သော ဆယ်ကျော်သက်လူငယ်တစ်ဦးကို သမ္မတမက်ခရွန်က ဆိုဆုံးမခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။

ဒုတိယကမ္ဘာစစ်အတွင်း နာဇီသိမ်းပိုက်မှုကို ချားလ်စ်ဒီဂေါဦးဆောင်ပြီး တွန်းလှန်ခဲ့မှု အထိမ်းအမှတ်အခမ်းနားကို ပဲရစ်မြို့ မြောက်ပိုင်းတွင် ဇွန်လ ၁၈ ရက်နေ့က ကျင်းပစဉ် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မက်ခရွန်က ပွဲတက်လာသူများကို လိုက်လံလက်ဆွဲနှုတ်ဆက်စဉ် ဆယ်ကျော်သက်လူငယ်က The Internationale သီချင်းမှ စာသားအချို့ကိုသီဆိုပြခဲ့ပြီး “အဆင်ပြေရဲ့လား၊ မာနူ” ဟု နှုတ်ဆက်ခဲ့ခြင်းဖြစ်သည်။

“မဟုတ်ဘူး။ မဟုတ်ဘူး။ မင်းဒီလို လုပ်လို့မရဘူး”ဟု မက်ခရွန်က တုံ့ပြန်ခဲ့သည်။

အဆိုပါဆယ်ကျော်သက်က “တောင်းပန်ပါတယ် သမ္မတကြီး”ဟု တုံ့ပြန်ခဲ့သည်။

“မင်းကဒီပွဲကိုရောက်နေတာ၊ ဒါက တရားဝင်အခမ်းအနား၊ မင်းယဉ်ကျေးရမယ်။ မင်းအရူးလုပ်လို့ ရချင်ရမယ်။ ဒါပေမဲ့ ဒီနေ့က the Marseillaise (ပြင်သစ်နိုင်ငံတော်သီချင်း)၊ the Chant des Partisans (ပြင်သစ်တော်လှန်ရေးသီချင်း) ဆိုရမယ့်နေ့ပဲ။ ပြီးတော့ မင်းငါ့ကို “မစ္စတာပရဲဆီးဒန့်စ်” ဒါမှမဟုတ် “ဆာ” လို့ ခေါ်ရမယ်။ အိုကေလား” ဟု မက်ခရွန်က တုံ့ပြန်ခဲ့သည်။

“ရက်စ်၊ ဆာ” ဟု လူငယ်က တုံ့ပြန်ခဲ့သည်။

မက်ခရွန်က ဆက်လက်၍ “ မင်းအနေနဲ့ နည်းမှန်လမ်းမှန်လုပ်ဖို့လိုတယ်။ တစ်နေ့မှာ မင်းဟာ တော်လှန်ရေးကြီးတစ်ခုကို ဦးဆောင်ချင်တယ်ဆိုရင်တောင်၊ ပထမဆုံး ဘွဲ့ဒီပလိုမာတစ်ခုရအောင်လုပ်ရမယ်၊ ကိုယ့်ဟာကိုယ် ရှာဖွေစားသောက်တတ်အောင်သင်ယူရမယ်” ဟု မက်ခရွန်က ဆုံးမခဲ့သည်။

F-03