News

POST TYPE

LATEST NEWS POST

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တရုတ်ပြည်သို့ တတိယအကြိမ်သွားရောက်၊ ပူးတွဲစစ်ရေးလေ့ကျင့်မှုများရပ်ဆိုင်းဟု အမေရိကန်နှင့် တောင်ကိုရီးယားကြေညာ
20-Jun-2018




ပြုံယမ်း၊ ဇွန် ၁၉ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အင်္ဂါနေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ တတိယအကြိမ်အဖြစ်သွားရောက်ခဲ့ကြောင်းနှင့် ၎င်း၏ ခရီးစဉ်မတိုင်မီ အမေရိကန်နှင့် တောင်ကိုရီးယားတို့က နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းထားရန် သဘောတူညီလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကင်ဂျုံအန်း၏ တရုတ်ပြည်ခရီးစဉ်သည် ယခုနှစ်အတွင်း တတိယအကြိမ်ဖြစ်ပြီး ယင်းခရီးစဉ်တွင် တရုတ်သမ္မတရှီကျင့်ဖျင်ကို စင်ကာပူထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းပြမည်ဟု မျှော်လင့်ရသည်။ 

တရုတ်နိုင်ငံပိုင်မီဒီယာများသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းလာရောက်လည်ပတ်သည့် ခရီးစဉ်သတင်းများကို ထုတ်ပြန်လေ့မရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ကင်ဂျုံအန်းအနေနှင့် တရုတ်ပြည်၌ နှစ်ရက်တိတိနေထိုင်မည်ဖြစ်သည်ဟု ကြေညာသည်။ ယခင်အကြိမ်များကမူ ကင်ဂျုံအန်းလာရောက်လည်ပတ် ပြီးနောက်မြောက်ကိုရီးယားသို့ ပြန်သွားသောအခါမှသာ ၎င်းလာရောက်သွားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ 

“တရုတ်-မြောက်ကိုရီးယားနှစ်နိုင်ငံ ပိုမိုနက်ရှိုင်းသည့် ဆက်ဆံရေးအတွက် ယခုခရီးစဉ်က ကူညီပံ့ပိုးပေးနိုင်မည်ဖြစ်သလို နှစ်နိုင်ငံအကြား မဟာဗျူဟာဆက်သွယ်ရေးပိုမိုအားကောင်းကာ အရေးကြီးသည့် အရေးကိစ္စများဖြေရှင်းရေး၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး မြှင့်တင်နိုင်ရေးအတွက် အထောက်အပံ့ဖြစ်လိမ့်မည်ဟုလည်း ကျွန်ုပ်တို့ယုံကြည်သည်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂန်ရှောင်းကပြောကြားသည်။ 

သတင်းများအရ မြို့တော်ဘေဂျင်းရှိ တရုတ်ခေါင်းဆောင်များနှင့် ပြည်ပခေါင်းဆောင်များတွေ့ဆုံနေကျနေရာဖြစ်သော ပြည်သူ့ခန်းမကြီးအနီးတစ်ဝိုက်တွင် လုံခြုံရေးအထူးတင်းကျပ်ထားသည်။ ထို့အတူ မတ်လခရီးစဉ်တုန်းက ကင်ဂျုံအန်းနှင့်သူ၏ ဇနီးဖြစ်သူတို့ တည်းခိုခဲ့သည့် Diaoyutai နိုင်ငံတော်ဧည့်ဂေဟာအနီးတစ်ဝိုက်တွင်လည်း လုံခြုံရေးများတင်းကျပ်ထားသည်။ 

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တောင်ကိုရီးယားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားအပြီးသတ်ဖြုတ်သိမ်းရေးဟူသည် တူညီသောမဟာဗျူဟာပန်းတိုင်ရှိကြကြောင်း ပြောကြားသည်။ 

“တရုတ်နိုင်ငံအနေနဲ့ ဒီပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အပေါင်းလက္ခဏာ ဆောင်တဲ့အခန်းကဏ္ဍကနေပါဝင်မယ်လို့ ကျွန်တော်တို့တောင်ကိုရီးယားအစိုးရက မျှော်လင့်ထားပါတယ်” ဟု ၎င်းကဆိုသည်။ 

တောင်ကိုရီးယားနှင့် အမေရိကန်အစိုးရအရာရှိကြီးများကမူ နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းထားရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း ပြောကြားသည်။ အမေရိကန်ပင်တဂွန်စစ်ဌာန ချုပ်ကလည်းအလားတူကြေညာချက်ထုတ်ပြန်ပြီး စစ်ရေးလေ့ကျင့်မှု ရပ်ဆိုင်းသည့်ကိစ္စကို အတည်ပြုပေးခဲ့သည်။

F-01