News

POST TYPE

LATEST NEWS POST

ရွှေ့ပြောင်းပြဿနာကြောင့် ဂျာမနီခေါင်းဆောင်များ လူထုထောက်ခံမှု ဆုံးရှုံးခဲ့ရဟု ထရမ့်ဆို
20-Jun-2018



ဝါရှင်တန်၊ ဇွန် ၁၉ 

ရွှေ့ပြောင်းအခြေချသူများ အလုံးအရင်းဖြင့် ဝင်ရောက်လာမှုအပေါ် ကိုင်တွယ်ပုံနည်းမကျသဖြင့် ဂျာမနီခေါင်းဆောင်များ လူထုထောက်ခံမှုဆုံးရှုံးခဲ့ရဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း DW သတင်းဌာနကဖော်ပြသည်။

ဂျာမနီအဓိပတိ မာကယ်လ်နှင့် ညွန့်ပေါင်းအစိုးရအတွင်းမှ မဟာမိတ်ပါတီ၏ခေါင်းဆောင် ဟို့စ်ဆီးဟိုဖားတို့အကြား ခိုလှုံသူလက်ခံရေးမူဝါဒနှင့် နယ်စပ်ထိန်းချုပ်ရေးမူဝါဒကိစ္စ သဘောကွဲလွဲမှု ပြင်းထန်နေချိန်တွင် ထရမ့်က ယင်းသို့မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ထရမ့်က သူ့ထုံးစံအတိုင်းတွစ်တာတွင်ရေးသားရာ၌ “ရွှေ့ပြောင်းအခြေချမှု ဟာနဂိုကတည်းက မခိုင်မာတဲ့ ဘာလင်ညွန့်ပေါင်းအစိုးရကို လှုပ်ခတ်နေချိန်မှာ ဂျာမနီပြည်သူတွေက သူတို့ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်နေကြပါပြီ” ဟု မှတ်ချက်ပေးခဲ့သည်။

ထို့ပြင် “ဥရောပတစ်လွှား အကြီးဆုံးအမှားမှာ ၎င်းတို့ယဉ်ကျေးမှုကို ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွားပြောင်းလဲစေသော လူသန်းနှင့်ချီ ဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်”ဟုလည်း ထရမ့်က မှတ်ချက်ပေးခဲ့သည်။

ဂျာမနီတွင် ရာဇဝတ်မှုများ မြင့်တက်လာနေသည်ဟုလည်း ထရမ့်က သုံးသပ်သလို ဥရောပတွင် ရွှေ့ပြောင်းအခြေချမှုကြောင့်ကြုံရသလိုမျိုး မိမိတို့နိုင်ငံတွင် အဖြစ်မခံနိုင်ကြောင်းလည်း ရေးသားထားသည်။

ထရမ့်၏မှတ်ချက်မှာ ဂျာမနီဝန်ကြီးများအတွက် အာရုံနောက်စရာ ဖြစ်ခဲ့ရသော်လည်း တကယ်တမ်းတွင် ဥရောပ၏ အကြီးဆုံး စီးပွားရေးအင်အားစုဖြစ်သည့် ဂျာမနီတွင် ၂၅ နှစ်ကျော်အတွင်း ရာဇဝတ်မှုဖြစ်ပွားနှုန်းမှာ အနိမ့်ဆုံးသို့ ရောက်ရှိနေသည်။ 

၂၀၁၇ တွင် ရာဇဝတ်မှုဖြစ်ပွားနှုန်းမှာ ၂၀၁၆ ထက် ၁၀ ရာခိုင်နှုန်းနီးပါး ထပ်မံကျဆင်းခဲ့သည်။ ဂျာမနီနိုင်ငံသား မဟုတ်သူများ၏ ပြစ်မှုကျူးလွန်မှုမှာလည်း ၂၂ ရာခိုင်နှုန်းမျှ ကျဆင်းခဲ့သည်။

သီးခြားလေ့လာမှုတစ်ခုတွင်လည်း အီရတ်နှင့် ဆီးရီးယားမှ ဂျာမနီသို့ ရောက်ရှိလာသောဒုက္ခသည်များမှာလည်း ခိုလှုံခွင့်မရမည်စိုးရိမ်သောကြောင့် ပြစ်မှုကျူးလွန်နိုင်ခြေ ပိုနည်းကြောင်း ဖော်ပြထားသည်။

၂၀၁၇ နောက်ပိုင်းဂျာမနီတွင် လူ ၁ ဒသမ ၆ သန်းခန့် ခိုလှုံခွင့်တောင်းခံခဲ့ကြသည်။ အများစုမှာ ဆီးရီးယား၊ အီရတ်၊ အာဖဂန်နစ္စတန်တို့မှ ထွက်ပြေးလာကြသူများဖြစ်ပြီး ၂၀၁၅ ရွှေ့ပြောင်းအကျပ်အတည်းကာလအတွင် အများဆုံးရောက်ရှိခဲ့သည်။

၂၀၁၇ နှစ်ကုန်အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးသော ခိုလှုံခွင့်တောင်းခံမှုပေါင်း ၃ သိန်းကျော်ရှိနေသည်။

F-03