News

POST TYPE

LATEST NEWS POST

ကယ်ရီမောင်းသူကို ဓားထောက်ခေါ်ဆောင်သွားသည့်အမျိုးသား လှည့်ကင်းဖမ်း
20-Jun-2018
ရန်ကုန်၊ ဇွန် ၁၉

ခရီးသည်အယောင်ဆောင်၍ ဆိုင်ကယ်ကယ်ရီငှားပြီး ကယ်ရီမောင်းသူ၏ လက်ကိုင်ဖုန်းကို လုယူကာ လည်ပင်းကို ဓားဖြင့်ထောက်၍ မြောက်ဥက္ကလာဘက်သို့ မောင်းနှင်ခဲ့သော အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး လှည့်ကင်းနှင့် ပက်ပင်းတိုးမိရာမှ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

ဖမ်းမိသူ အောင်ထွေးခိုင်မှာ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ဇွန်လ ၁၈ ရက် ည ၈ နာရီခွဲက ယင်းရပ်ကွက်ရှိ နဝဒေး ၄ လမ်းတွင် ဆိုင်ကယ်ကယ်ရီတစ်စီးကိုတား၍ လက်ဖက်ရည်ဆိုင်သို့ လိုက်ပါလာခဲ့ကြောင်း၊ ဆိုင်ကယ်နောက်လိုက်ပါလာသည့် အောင်ထွေးခိုင်မှာ ကယ်ရီမောင်းသူ၏ ဝမ်းဗိုက်ကို လက်တစ်ဖက်ဖြင့် သိုင်းဖက်လျက် ကျန်လက်တစ်ဖက်မှ ကယ်ရီမောင်းသူ၏ လည်ပင်းကို ဓားဖြင့်ထောက်ကာ “အော်ရင်သတ်ပစ်မယ်”ဟု ပြောဆိုပြီး ခါးကြားတွင် ထိုးထားသော လက်ကိုင်ဖုန်းကို လုယူကာ ဆိုင်ကယ်ကို ၉ မိုင် ပြည်လမ်းဘက်သို့ မောင်းနှင်ခိုင်းခဲ့သည်။ ယင်းနောက် လေဆိပ်လမ်းမှ မြောက်ဥက္ကလာပဘက်သို့ မောင်းနှင်ခိုင်းခဲ့ပြီး မေဓာဝီလမ်းဆုံအရောက်တွင် လှည့်ကင်းအဖွဲ့ကို တွေ့ရှိခဲ့သောကြောင့် ကယ်ရီမောင်းသူကို ဆိုင်ကယ်အရှိန်မြှင့်မောင်းနှင်ရန် ဓားထောက်စေခိုင်းခဲ့ပြီး (ဈ) ဈေးလမ်းဆုံအရောက် လှည့်ကင်းအဖွဲ့နှင့် ထပ်မံတွေ့ဆုံခဲ့သောကြောင့် ကယ်ရီမောင်းသူမှ ဆိုင်ကယ်ကို လမ်းဘေးသို့ ဆွဲချတိမ်းမှောက်ပစ်လိုက်ပြီး အော်ဟစ်အကူ အညီတောင်းသောကြောင့် ပတ်ဝန်းကျင်ရှိ ကယ်ရီသမားများနှင့် လှည့်ကင်းရဲတပ်ဖွဲ့က ဓားထောက်လုယက်မှု ကျူးလွန်သည့် အောင်ထွေးခိုင်ကို ဝိုင်းပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း ရဲအရာရှိက ရှင်းပြသည်။ 

“ကယ်ရီမောင်းတဲ့ ၁၈ နှစ်အရွယ် ချာတိတ်က နဝဒေးရုပ်ရှင်ရုံမှာ ခရီးသည်သွားကြိုမလို့ မောင်းလာချိန် ပြစ်မှုကျူးလွန်သူက လမ်းမှာဖြတ်တားလို့ ဆိုင်ကယ်နဲ့ တင်ခေါ်လာတာ။ အဲဒီလူကို ရပ်ကွက်ထဲမှာ မကြာခဏ မြင်ဖူးနေကျမို့ ကယ်ရီမောင်းသူက သူ့ဆိုင်ကယ်နဲ့ လမ်းကြုံခေါ်ဆောင်သွားရာက ဓားထောက်လုယက်ခံရတာ”ဟု ရဲအရာရှိက ပြောသည်။ 

ဖမ်းမိခဲ့သည့် အောင်ထွေးခိုင်ကို မြောက်ဥက္ကလာပမြို့မရဲစခန်းက လုယက်မှု ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်အရေးယူထားပြီး အခြားကျူးလွန်ထားသည့် ပြစ်မှုများ ရှိမရှိကို တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။  

S-03


  • VIA