News

POST TYPE

LATEST NEWS POST

ဂျပန်နှင့် စင်ကာပူကုမ္ပဏီ ပြည်တွင်း လက်လီလက်ကား ဈေးကွက်၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား
19-Jun-2018 tagged as ဂျပန် စင်ကာပူ


ရန်ကုန်၊ ဇွန် ၁၉

ပြည်တွင်း လက်လီလက်ကား လုပ်ငန်းဈေးကွက်သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဂျပန်ကုမ္ပဏီ တစ်ခုနှင့် စင်ကာပူကုမ္ပဏီတစ်ခုတို့က လာရောက်စုံစမ်းမှုများရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်တွင်း လက်လီဈေးကွက်သို့ ဝင်ရောက်ထားပြီးဖြစ်သော ဂျပန်ကုမ္ပဏီ Aeon နှင့် ထိုင်းကုမ္ပဏီတစ်ခုတို့က လက်လီလက်ကား လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းမှုများ ရှိထားပြီးဖြစ်ကာ ယခုထပ်မံ၍ သီလဝါ အထူး စီးပွားရေးဇုန်တွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံလျက်ရှိသော ဂျပန်ကုမ္ပဏီတစ်ခုနှင့် စင်ကာပူကုမ္ပဏီတစ်ခုတို့က လာရောက်စုံစမ်းလျက်ရှိကြောင်း ၎င်းကပြောဆိုသည်။

“ဂျပန်ကုမ္ပဏီကတော့ သီလဝါမှာလည်း ရင်းနှီးမြှုပ်နှံပြီး ဒီလက်လီလက်ကားဈေးကွက်ကိုလည်း ထပ်ဝင်ဖို့အတွက် လာဆွေးနွေးသွားတယ်။ စင်ကာပူကုမ္ပဏီကတော့ Wholesale အတွက် လာစုံစမ်းသွားတယ်”ဟု ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံ၏ လက်လီလက်ကား လုပ်ငန်းဈေးကွက်သို့ နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစပ်ထားသည့် ဖက်စပ်ကုမ္ပဏီများ၏ လုပ်ငန်းလုပ်ကိုင်ခွင့်ကို မေလ ၁၂ ရက်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်းမှ ရာနှုန်းပြည့်ပိုင်သော လုပ်ငန်းများသည် လက်လီလုပ်ငန်းလုပ်ကိုင်ပါက မြေငှားရမ်းခ မပါဝင်ဘဲ အမေရိကန်ဒေါ်လာ သုံးသန်းနှင့်အထက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး လက်ကားလုပ်ငန်း လုပ်ကိုင်ပါက အမေရိကန်ဒေါ်လာ ငါးသန်းနှင့်အထက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။

စတုရန်းမီတာ ၉၀၀ အထက်ရှိသည့် ဆူပါမားကက် အကြီးစားများကို ဖွင့်ခွင့်ပြုလိုက်သော်လည်း SME လုပ်ငန်းများတွင် ပါဝင်သည့် Convenience စတိုးဆိုင်လေးများကို ဖွင့်ခွင့်မရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါနိုင်ငံခြားသားများကို လက်လီ လက်ကား လုပ်ငန်းများတွင် ခွင့်ပြုလိုက်ခြင်းဖြင့် ပြည်တွင်း အသေးစား အလတ်စား လုပ်ငန်းများ၏ ထုတ်ကုန်များ ဈေးကွက် ပိုမိုရရှိလာနိုင်ခြင်း၊ ဈေးကွက်ယှဉ်ပြိုင်မှု များလာမည်ဖြစ်သောကြောင့် စားသုံးသူများအတွက် ဈေးနှုန်း လျော့ကျခြင်းများနှင့် ရွေးချယ်ခွင့်များ ရရှိလာမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

လက်ရှိ၌ ပြည်တွင်း လက်လီဈေးကွက်တွင် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုအဖြစ် Aeon Orange လုပ်ငန်းစုတစ်ခုသာ လုပ်ကိုင်လျက်ရှိသည်။

J-01