News

POST TYPE

LATEST NEWS POST

တောင်ငူ၌ အရက်အတူသောက်သူကို တုတ်ဖြင့်ရိုက်သတ်
19-Jun-2018
တောင်ငူ၊ ဇွန် ၁၈

ပဲခူးတိုင်း တောင်ငူမြို့နယ် အမှတ် ၁၉ ရပ်ကွက် ဒေါနလမ်းတွင် ဇွန်လ ၁၇ ရက်နေ့ ည ၇ နာရီခန့်က အရက်အတူသောက်စားပြီး စကားများရန်ဖြစ်စဉ် လက်သီးဖြင့်ထိုးသူကို တုတ်ဖြင့်ရိုက်သတ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းထံမှ သိရသည်။

တောင်ငူမြို့နယ် အမှတ် ၁၉ ရပ်ကွက် ဒေါနလမ်းနေ ဦးစံဝင်း (၃၁ နှစ်) ကို တစ်ရပ်ကွက်တည်းအတူနေ ဦးသန့်ဇင်ဦး (ခ) အာနိုး (၂၆ နှစ်) ဆိုသူက ဆိုင်ကယ်ဖြင့်လာခေါ်ပြီး အရက်အတူသောက်ကြရာမှ စကားများရန်ဖြစ်၍ စံဝင်းက သန့်ဇင်ဦးကို လက်သီးဖြင့် ထိုးကြိတ်သည်ကို မကျေနပ်ဘဲ အိမ်ပြန်ပြီး သံတုတ်ယူဆောင်ကာ စံဝင်းကိုရိုက်နှက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

“အရက်တိုက်ခိုင်းလို့ လိုက်တိုက်ပြီးအပြန် ရန်ဖြစ်ကြတာပါ။ လက်သီးနဲ့ အထိုးခံရတဲ့သူက အိမ်က တုတ်ပြန်ယူပြီး ရိုက်နှက်တာပါ။ တစ်ချက်ပဲရိုက်တာဖြစ်ပြီး အခြားဒဏ်ရာမတွေ့ဘူး” ဟု အမှတ် ၁၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး သန့်ဇင်ဦး (ခ) အာနိုးကို တောင်ငူမြို့မရဲစခန်းက (ပ) ၅၃၉/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15