News

POST TYPE

LATEST NEWS POST

ရွှေဆိုင်နှင့် အပေါင်ဆိုင်တို့မှ ရွှေထည်များကို လိမ်လည်ရယူနေသည့် အမျိုးသမီးကို ဖမ်းမိ
ရန်ကုန်၊ ဇွန် ၁၈ 

သင်္ဃန်းကျွန်း၊ ရန်ကင်းနှင့် မြောက်ဥက္ကလာပမြို့နယ်တို့အတွင်းရှိ ရွှေဆိုင်နှင့် အပေါင်ဆိုင်တို့မှ ရွှေထည်ပစ္စည်းများကို လိမ်လည်ရယူနေသည့် အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဇွန်လ ၁၇ ရက်နေ့က ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ရပ်ကွက်ကြီး (၇)၊ ပေါက်ပင်လမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ မာလာ (ခ) ဇောင်းတလားမှာ သန်လျင်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ယခုနှစ် မေလ ၅ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင်အနီးရှိ ရွှေဆိုင်တစ်ဆိုင်မှ တန်ဖိုးငွေကျပ် ၁၅ သိန်းနီးပါးရှိသော ရွှေဆွဲကြိုးတစ်ကုံးနှင့် ရွှေလက်ကောက်နှစ်ကွင်း၊ မေလ ၂၅ ရက်နေ့က ရန်ကင်းမြို့နယ်၊ ၁၂ ရပ်ကွက်အတွင်းရှိ အပေါင်ဆိုင်မှ တန်ဖိုးငွေကျပ် ၁၅ သိန်းကျော်ရှိသည့် ဘတ်ကြိုးတစ်ကုံးနှင့် လက်ကောက်နှစ်ကွင်း၊ ဇွန်လ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်ရှိ ရွှေဆိုင်မှ တန်ဖိုးငွေ ကျပ် ၁၄ သိန်း နီးပါးရှိ ရွှေဆွဲကြိုးတစ်ကုံးတို့ကို လိမ်လည်ရယူသွားခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။ 

“အခုဖမ်းမိတဲ့ အမျိုးသမီးက ရွှေဆိုင်အပေါင်ဆိုင်တွေမှာ ရွှေလာဝယ်ပြီး သူ့မှာ ပါလာတဲ့ ငွေမလောက်လို့ သူ့နောက်လိုက်ပြီး ငွေလိုက်ယူခိုင်းတယ်။ ရွှေထည်ပစ္စည်းကိုတော့ သူယူထားပြီးလမ်းရောက်မှ နောက်က လိုက်လာတဲ့လူရှာလို့မတွေ့အောင် လူကြားထဲ၊ လမ်းကြားထဲတွေဝင်သွားတာလို့ တိုင်ချက်အရ သိရတယ်။ အလိမ်ခံရတဲ့ ဆိုင်တစ်ဆိုင်က CCTV မှတ်တမ်းကနေ သူ့ပုံကို ရရှိခဲ့တာက စုံစမ်းစစ်ဆေးရင်း ပဲခူးမြို့မှာ ဒီအမျိုးသမီးကို ဖမ်းမိခဲ့တာပါ” ဟု ရဲအရာရှိက ရှင်းပြသည်။ 

အဆိုပါ ဖမ်းမိသူ မာလာ (ခ) ဇောင်းတလားကို သက်ဆိုင်ရာမြို့မရဲစခန်းများတွင် လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်၍ အခြားလိမ်လည်မှုများ ကျူးလွန်ထားခြင်း ရှိမရှိကို တိုက်ဆိုင်စစ်ဆေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်များအနေနှင့် အလားတူ လိမ်လည်မှုမျိုးရှိခဲ့ပါက ဆိုင်ပိုင်ရှင်များအနေနှင့် သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်တိုင်ကြားနိုင်ကြောင်း ရဲတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

S-03