News

POST TYPE

LATEST NEWS POST

အလုပ်ဖြုတ်ခံရသော ရုရှားကျောင်းဆရာမဘက်မှ လူမှုကွန်ရက်သုံးသူ အများအပြား ရပ်တည်
18-Jun-2018

မော်စကို၊ ဇွန် ၁၇

လူမှုကွန်ရက်ပေါ်တွင် ရေကူးဝတ်စုံနှင့် ဓာတ်ပုံများပျံ့နှံ့ခဲ့၍ အလုပ်ဖြုတ်ခံခဲ့ရသည့် ရုရှားကျောင်းဆရာမတစ်ဦးကို ရုရှားလူမှုကွန်ရက် အသုံးပြုသူများက ဝိုင်းဝန်းထောက်ခံခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

မိမိအလုပ်နှင့်ကျောင်းအား နာမည်ပျက်စေမှုဖြင့် အော့မ်စ်မြို့ရှိ ကျောင်းအမှတ် ၇ တွင် အလုပ်လုပ်ကိုင်နေသော အသက် ၂၆ နှစ် အရွယ်ရှိ ကျောင်းဆရာမ ဗစ်တိုးရီးယားပိုပိုဗာ ကျောင်းထုတ်ခံခဲ့ရသည်ဟု Siberian Times သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ ရေကူးဝတ်စုံနှင့် ဓာတ်ပုံများကိုပြန်ဖျက်ပစ်ခဲ့သော်လည်း အင်စတာဂရမ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ကျောင်းထုတ်ခံခဲ့ရခြင်းဖြစ်သည်။

ဗစ်တိုးရီးယားကို အခုလိုဆုံးဖြတ်ချက်ချပြီးနောက်တွင် အင်စတာဂရမ်အသုံးပြုသူ သုံးထောင်ကျော်က ၎င်းတို့ကိုယ်တိုင် ရေကူးဝတ်စုံ ဝတ်ထားတဲ့ပုံများတင်ခဲ့ကြပြီး ဆရာ၊ ဆရာမတွေကလည်း လူသားတွေပါပဲလို့ ခေါင်းစဉ်တွေတပ်ပြီး ဗစ်တိုးရီးယားကို ဝိုင်းဝန်းထောက်ခံပေးခဲ့ကြသည်။ လူမှုကွန်ရက် အသုံးပြုသူအများစုမှာ ဆရာမဘက်မှ ရပ်တည်ပြောဆိုခဲ့ကြသည်။

“အခုလိုကိစ္စမျိုးနဲ့ ကျောင်းထုတ်လိုက်ခြင်းက သူတော်ကောင်းယောင်ဆောင်မှု၊ ဆင်ခြင်ဉာဏ်မရှိမှုနဲ့ တုံးတုံးအအမိုက်မဲမှုတို့အတွက် အစွန်းရောက်တဲ့ ဥပမာတစ်ခုသာဖြစ်တယ်။ ကျွန်မတို့က ဆရာမတွေပါ၊ ဒါပေမဲ့ လူသားတွေလည်းဖြစ်ပါတယ်၊ အဲ့ဒါကြောင့် ကျောင်းအပြင်ရောက်ရင် ကိုယ်ပိုင်လူမှုကွန်ရက်တွေပေါ်မှာ နေချင်သလိုနေထိုင်နိုင်တဲ့ အခွင့်အရေးတွေရှိပါတယ်”လို့ အင်စတာဂရမ်အသုံးပြုသူ အမျိုးသမီးတစ်ဦးက ရေးသားခဲ့ပါတယ်။ 

ဗစ်တိုးရီးယား ရေကူးဝတ်စုံဝတ်ထားသည့်ပုံများ လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပြီးနောက် အော့မ်စ်မြို့နယ်အာဏာပိုင်များက “ဗစ်တိုးရီးယားရဲ့ရှေ့ရေးကို မေးနေကြတဲ့မေးခွန်းအတွက် အဖြေက သူမ ဒီကျောင်းမှာတင်မကဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ ဘယ်ကျောင်းမှာမဆို အလုပ်လုပ်ခွင့် မရှိတော့ပါဘူး” ဟု ထုတ်ပြန်ခဲ့သည်။

ရုရှားမော်ဒယ်အေဂျင်စီ Plus Size Omsk ကုမ္ပဏီကတော့ အလွန်လှပတဲ့ ဗစ်တိုးရီယားကို ကျွန်တော်တို့ အေဂျင်စီက ဖိတ်ခေါ်ပါသည်ဟု ထုတ်ပြန်ပြီး ကမ်းလှမ်းထားသည်ဟု သိရသည်။

F-03