News

POST TYPE

LATEST NEWS POST

ပေါ်ဆန်းဆန်ကို မြန်မာ့မျိုးရင်းအဖြစ် သတ်မှတ်နိုင်ရန် သုတေသနစာအုပ် ထုတ်မည်
18-Jun-2018



ရန်ကုန်၊ ဇွန် ၁၇

ပေါ်ဆန်းဆန်ကို မြန်မာ့မျိုးရင်းအဖြစ် သတ်မှတ်နိုင်ရန်အတွက် ပညာရှင်များနှင့် ဆန်စပါးလုပ်ငန်းရှင်များ ပူးပေါင်း၍ ပေါ်ဆန်းမွှေးဆန် သုတေသနစာအုပ် ထုတ်ဝေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

ဇွန်လ ၁၄ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ မြန်မာ့ပေါ်ဆန်းမွှေး၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အလားအလာ ဆွေးနွေးပွဲကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရ မျိုးရင်းအဖြစ်သတ်မှတ်နိုင်ရန် သုတေသနစာအုပ်ထုတ်ဝေရန် စီစဉ်ခြင်းဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။ 

“ဇွန်လကုန်မှာပေးဖို့ ပညာရှင်တွေဆီက စာတမ်းတောင်းထားတယ်။ စာတမ်းကလည်း အစောင်၂၀ လောက်ရှိတယ်။ ပြီးရင် စာတမ်းရှင်တွေနဲ့ ဆန်စပါးအသင်းချုပ်ပေါင်းပြီးတော့ ပေါ်ဆန်းဆန်က ဘာလဲဆိုတာကို စာအုပ်တစ်အုပ်ဖြစ်အောင်ထုတ်မယ်။ ပေါ်ဆန်းက ဘယ်တုန်းက စခဲ့တယ်ဆိုတာတွေကအစ။ မျိုးရင်းသတ်မှတ်ဖို့ ဘယ်မျိုးကိုရွေးကြမလဲပေါ့။ စာအုပ်မှာ ဒါတွေပါလာမယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ပြောကြားသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် ရွှေဘိုပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ဒေးဒရဲပေါ်ဆန်း စသည့် ပေါ်ဆန်းဆန် အမျိုးအစားပေါင်း ၁၀ မျိုး အထက်ရှိပြီး ယင်းအမျိုးအစားများထဲမှ မျိုးရင်းသတ်မှတ်ရန် ပေါ်ဆန်းဆန် အမျိုးအစားတစ်ခုကို ရွေးချယ်ပြီးဖြစ်သော်လည်း ပညာရှင်များ၏ ဆွေးနွေးဆုံးဖြတ်ချက်များဖြင့် သုတေသနစာအုပ် ထုတ်ဝေပြီးပါက အစိုးရဌာနများထံ အတည်ပြုတင်ပြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

“ပေါ်ဆန်းက အခုတောင် ၁၀ မျိုး အထက်ရှိတယ်။ မျိုးတစ်ခုတော့ ထွက်လာပါပြီ။ ဒါပေမဲ့ ဒါကို တစ်ရာသီစမ်းပြီး စိုက်ရဦးမယ်။ ဒါကို စာတမ်းပြုစုရင်းနဲ့ ဒေသအလိုက် ဒီမျိုးဖြစ်ပါတယ်ဆိုတာကို ခိုင်မာအောင်လုပ်ပြီး ဘယ်မျိုးဆိုတာကို ကြေညာပေးပါ့မယ်။ အခုက ဘာပဲရောရော မူလပစ္စည်းကိုက မှတ်ပုံတင်နိုင်စွမ်း မရှိတဲ့အတွက် ရောတာကိုပဲသိပြီး တရားစွဲလို့မရဘူး”ဟု ဦးမြင့်လွင်က ဆက်လက်ပြောဆိုသည်။ 

ပေါ်ဆန်းမွှေးဆန်ကို မြန်မာနိုင်ငံ၏ National Product  (အမျိုးသားထုတ်ကုန်) အဖြစ် မှတ်ပုံတင်နိုင်ရန်အတွက် သုတေသနစာအုပ် ထုတ်ဝေမည်ဖြစ်ပြီး သုတေသနစာအုပ်ကို စိုက်ပျိုးရေးသုတေသန၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ပေါ်ဆန်းဆန် စာတမ်းပညာရှင်များ ပူးပေါင်းရေးဆွဲ ထုတ်ဝေမည်ဖြစ်ကာ ပေါ်ဆန်းဆန်ကို အမျိုးသားထုတ်ကုန်အဖြစ် သတ်မှတ်နိုင်ပါက ပေါ်ဆန်းဆန် ရောနှောရောင်းချသူများကို တုပမှုနှင့် အရေးယူနိုင်မည်ဖြစ်ကာ ပေါ်ဆန်းမွှေးဆန်ကို ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

“ဒီစာအုပ်က မျိုးသတ်မှတ်နိုင်ဖို့ ကဏ္ဍတစ်ခုအနေနဲ့ပါမှာပေါ့။ ပေါ်ဆန်းကို မျိုးသတ်မှတ်ဖို့တင်ထားတာက ကြာပြီ။ သတ်မှတ်ဖို့ကတော့ ရွှေဘိုပေါ်ဆန်းဘေးကြားကိုပဲ ရွေးဖို့များပါတယ်။ မြန်မြန်ဆန်ဆန်ကြီးလုပ်ဖို့ကလည်း မသင့်တော်ဘူးလေ။ မှားသွားနိုင်တာကိုး။ ဒါပေမဲ့ တော်တော်တော့ ခရီးရောက်နေပါပြီ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောကြားသည်။ 

J-11

  • VIA