News

POST TYPE

LATEST NEWS POST

သီလဝါ၌ အကြီးဆုံးသီးနှံနှင့်ပစ္စည်းသိုလှောင်ရုံ ဖွင့်
14-Jun-2018

ရန်ကုန်၊ ဇွန် ၁၄

အသီးအနှံနှင့် ကုန်ထုတ်ပစ္စည်းမျိုးစုံ သိုလှောင်နိုင်သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးဖြန့်ချိရေးကုန်လှောင်ရုံကို သီလဝါအထူးစီးပွားရေးဇုန်တွင် ဇွန်လ ၁၂ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း Ryobi Myanmar ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ ဖြန့်ချိရေးကုန်လှောင်ရုံကို ဂျပန်နိုင်ငံ၏ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဂျပန် ယန်း ၂၉ ဒသမ ၇ ဘီလီယံရင်းနှီးမြှုပ်နှံထားကာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက စတင်တည်ဆောက်ခဲ့ကြောင်း ယင်းကုမ္ပဏီထံမှသိရသည်။

ဖြန့်ချိသိုလှောင်ရုံတွင် မီးအားပြတ်တောက်ပါက ၄၈ နာရီလျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်သည့် နောက်ဆုံးပေါ် နည်းပညာပါဝင်ပြီး ကုန်သေတ္တာယာဉ် အစီး ၄၀ နီးပါး ကုန်တင်ကုန်ချလုပ်နိုင်သောကြောင့် ပစ္စည်းအရည်အသွေး ထိန်းသိမ်းနိုင်ကာ ကုန်စီးဆင်းမှု မြန်ဆန်မည်ဖြစ်သည်။

ကုန်ပစ္စည်းများထုတ်လုပ်သည့်အခါ သိုလှောင်နိုင်သည့် အပူအအေးစနစ်ရှိမှသာ ပစ္စည်းအရည်အသွေး ထိန်းနိုင်မည်ဖြစ်သောကြောင့် သိုလှောင်ရုံများ များစွာလိုအပ်သည့်အပြင် တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ်ပါကလည်း သိုလှောင်ရုံများလိုအပ်ကြောင်း သစ်သီးဝလံစိုက်ပျိုးသူ ဦးမြင့်မောင်က ပြောကြားသည်။

“ရန်ကုန်မှာ ဒါတွေလုပ်ပေးတာ ကောင်းတယ်။ ပင်လယ်ရေကြောင်းကနေ အသီးပို့မယ်ဆိုရင် ဆိပ်ကမ်းနဲ့အနီးဆုံးမှာ သိုလှောင်ရုံရှိတဲ့အတွက် အအေးကို ဆက်လက်ထိန်းပြီး သင်္ဘောပေါ်တင်လိုက်ရင် ကွာလတီကောင်းလို့ ဝယ်သူတွေလည်း အဆင်ပြေတယ်။ ဈေးကောင်းလည်းရတာပေါ့”ဟု ၎င်းက ဆိုသည်။

သိုလှောင်ရုံများသည် ရန်ကုန်ဆိပ်ကမ်းများတွင်သာမက စိုက်ပျိုးရေးလုပ်ဆောင်သည့် ဇုန်များတွင်လည်း တည်ဆောက်ရန် လိုအပ်နေကြောင်း၊ အထူးသဖြင့် ဖရဲ၊ သခွား၊ သရက်သီးများ တရုတ်သို့ တင်ပို့သည့်အခါ အပူချိန်မြင့်ပါက အသီးအရည်အသွေး ကျသွားသည့်အတွက် ချက်ချင်းခူးပြီး မူဆယ်သို့ ညတွင်းချင်း ပို့ဆောင်နေရကာ ရရာဈေးဖြင့်ရောင်းနေရကြောင်း၊ ယင်းပြဿနာများသည် သိုလှောင်ရုံ မရှိခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

ရန်ကုန်သည် ကုန်ထုတ်လုပ်ငန်းများ အများဆုံးရှိသည့်အတွက် ကုန်သိုလှောင်ရုံအကြီးစားများ လိုအပ်နေသောကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း တောင်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်း၍ ကုန်စည်ထောက်ပံ့ရေးစခန်းကြီးကို တည်ဆောက်မည်ဖြစ်ပြီး ယင်းစခန်းပြီးစီးပါက ကုန်တန်ချိန် သန်းနှင့်ချီ သိုလှောင်နိုင်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

J-13

  • VIA