News

POST TYPE

LATEST NEWS POST

တာမွေအဝိုင်းငြိမ်းချမ်းရေးဆန္ဒပြသူ ၁၇ ဦး ဥပဒေချိုးဖောက်မှုမရှိဟု တရားရုံးတွင် ထွက်ဆို
14-Jun-2018 tagged as ဆန္ဒပြ တာမွေ

ရန်ကုန်၊ ဇွန် ၁၄

စစ်ပွဲများ ရပ်တန့်ရန် တာမွေအဝိုင်း၌ ဆန္ဒပြသောကြောင့် ငြိမ်း၊ စု၊ စီ ဥပဒေ ပုဒ်မ ၂၀ ဖြင့် ဗဟန်းတရားရုံး၌ တရားစွဲခံထားရသူ ၁၇ ဦးက ၎င်းဆန္ဒပြပွဲ၌ ဥပဒေချိုးဖောက်မှု မရှိကြောင်း ဇွန်လ ၁၄ ရက်နေ့ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။

မေလ ၁၂ ရက်ဖြစ်စဉ်တွင် တစ်နိုင်ငံလုံးရှိ စစ်ပွဲများရပ်တန့်ရန် တောင်းဆိုဆန္ဒပြခဲ့ခြင်းကြောင့် ဆန္ဒပြပွဲ၌ ပါဝင်သူ ၈ ဦးကို တစ်ရက်ကြာဖမ်းဆီးကာ အာမခံဖြင့်ပြန်လွှတ်ခဲ့ပြီး စုစုပေါင်း ၁၇ ဦးကို ငြိမ်း၊ စု၊ စီ ဥပဒေ ပုဒ်မ ၂၀ ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကို တရားသူကြီးက မေးတယ်။ ကျွန်တော်တို့အားလုံးက ဥပဒေချိုးဖောက်မှုတစ်ခုမှ မလုပ်ခဲ့ဘူးလို့ ပြန်ဖြေခဲ့တယ်။ ကျွန်တော်တို့က ဥပဒေအတိုင်း ကြိုတင်အကြောင်းကြားခဲ့တာ ပဲ”ဟု Generation Wave အဖွဲ့၏ ဥက္ကဋ္ဌ ကိုမိုဃ်းသွေးက ဆိုသည်။

၎င်းအမှုကို ဇွန်လ ၂၂ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ရှေ့နေငှားမည်ဆိုပါက ငှားခွင့်ရှိသော်လည်း ၎င်းတို့ထဲမှ တစ်ဝက်ခန့်သာ ရှေ့နေငှားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားသည်။

ထိုသို့တာမွေအဝိုင်းမှ မဟာဗန္ဓုလပန်းခြံသို့ ချီတက်ဆန္ဒပြရန် မေလ ၉ ရက်၌ တာမွေမြို့နယ် ရဲတပ်ဖွဲ့နှင့် ဖြတ်သန်းသွားမည့် မြို့နယ်ရဲတပ်ဖွဲ့များထံ အကြောင်းကြားစာ ပေးပို့သော်လည်း သက်ဆိုင်မြို့နယ် ရဲတပ်ဖွဲ့များက ခွင့်မပြုကြောင်း မေလ ၁၀ ရက်တွင် အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းနေ့ဆန္ဒပြပွဲ၏ မူလအစီအစဉ်မှာ ညနေ ၅ နာရီတွင် လူစုကာ တာမွေအဝိုင်းထိပ်မှ မဟာဗန္ဓုလပန်းခြံအထိ ချီတက်ရန် ဖြစ်သော်လည်း ရဲတပ်ဖွဲ့၏ တားဆီးမှုကြောင့် အဆိုပါနေရာတွင် တစ်နာရီခန့်ထိုင်၍ ဆန္ဒပြပြီးအပြန် လူစုခွဲရာတွင် ရဲတပ်ဖွဲဝင်များက အင်အားသုံးဖြိုခွင်းခဲ့ပြီး အရပ်ဝတ်လူအချို့ကလည်း ဆန္ဒပြသူများအား ဝင်ရောက်ရိုက်နှက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ပွဲများရပ်တန့်ရန် ဆန္ဒပြတောင်းဆိုမှုများနှင့် ပတ်သက်၍ မေလအတွင်း ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ကချငပြည်နယ် အစရှိသော ဒေသလေးခုမှ တရားစွဲဆိုခံရသူ ၄၇ ဦးရှိပြီး အမှုအရေအတွက် ၁၄ ခုထိရှိလာပြီဖြစ်ကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် လှုပ်ရှားမှုအဖွဲ့) က ဇွန်လ ၄ ရက်က ထုတ်ပြန်ထားသည်။

ဝေလင်း