News

POST TYPE

LATEST NEWS POST

တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဇာတ်လမ်းတိုပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်
ရန်ကုန်၊ ဇွန် ၁၄

ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးမားဆုံး တရားမဝင်ကုန်သွယ်မှုလုပ်ငန်းဖြစ်သည့် တောရိုင်းတိရစ္ဆာန်များ တရားမဝင် ကုန်သွယ်နေမှုကို တိုက်ဖျက်ရေးအတွက် ရုပ်သံဇာတ်လမ်းတိုပြိုင်ပွဲကို ကျင်းပမည်ဖြစ်ရာ စိတ်ပါဝင်စားသူ ရုပ်ရှင်ရိုက်ကူးသူများ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း စီစဉ်သူများထံမှ သိရသည်။

ဗြိတိသျှအစိုးရနှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ ဗြိတိန်သံအမတ်နေအိမ်၌ ပြုလုပ်ခဲ့သည်။ 

အဆိုပါပြိုင်ပွဲသို့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံသားများနှင့် ယင်းနိုင်ငံများတွင် နေထိုင်သည့် နိုင်ငံခြားသား ရုပ်ရှင်ရိုက်ကူးသူများအနေဖြင့်လည်း တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုအကြောင်း ခြောက်မိနစ်စာ ဇာတ်လမ်းတိုကို ရိုက်ကူးပြီး ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ ယှဉ်ပြိုင်မည့် ဇာတ်လမ်းတိုများကို လာမည့်သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးစီစဉ်သည့် အဖွဲ့အစည်းများထံမှ သိရသည်။

ယင်းပြိုင်ပွဲတွင် ပထမဆု အမေရိကန်ဒေါ်လာ ၅၀၀၀၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၄၀၀၀၊ တတိယဆု အမေရိကန်ဒေါ်လာ ၃၀၀၀ ချီးမြှင့်မည်ဖြစ်ပြီး လူကြိုက်အများဆုံးဆုကို အမေရိကန်ဒေါ်လာ ၂၀၀၀ နှင့် အထူးဆုလေးဆုမှ တစ်ဆု (တစ်နိုင်ငံလျှင် တစ်ဆု) အတွက် အမေရိကန်ဒေါ်လာ ၂၀၀၀ အပြင် ကျောင်းသားများအတွက်ဆုကို အမေရိကန်ဒေါ်လာ ၁၀၀၀ ချီးမြှင့်မည်ဖြစ်သည်။

တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို စိတ်ပါဝင်စားသည့် ကျောင်းသားများအနေဖြင့်လည်း ဇာတ်လမ်းတိုရိုက်ကူး၍ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ ပြိုင်ပွဲမှ အကောင်းဆုံးဆုရရှိသူသုံးဦးမှာ အောက်တိုဘာလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တွင် ကျင်းပမည့် လန်ဒန်တောရိုင်းတိရစ္ဆာန်တရားမဝင် ကုန်သွယ်မှုဆိုင်ရာ ညီလာခံကို တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး ၎င်းတို့၏ရုပ်ရှင်များကို ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှ ဒုတိယအကြီးအကဲ Mr.David Hall က ပြောကြားသည်။

“တရားမဝင်ကုန်သွယ်မှု ပြဿနာဘယ်လောက်ကြီးတယ်ဆိုတာ မီးမောင်းထိုးပြချင်တဲ့အတွက် ဒီပြိုင်ပွဲကိုလုပ်ရတာဖြစ်ပါတယ်။ ဖန်တီးမှုအရှိဆုံးလက်ရာတွေ ထွက်လာဖို့လည်း မျှော်လင့်ပါတယ်”ဟု ၎င်းက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့သည်။

ထို့ပြင်ပြိုင်ပွဲ၌ ဆုရရှိသူအားလုံး (အထူးဆုရရှိသူမှလွဲ၍) ကို ယခုနှစ် ဒီဇင်ဘာလ ၇ ရက်မှ ၁၂ ရက်အတွင်း ကျင်းပမည့် ၉ ကြိမ်မြောက် လွန်ပရာဘန်ရုပ်ရှင်ပွဲတော်သို့ တက်ရောက်နိုင်ရန် အသွားအပြန်လေယာဉ်လက်မှတ်နှင့် နေထိုင်ရန်စီစဉ်ပေးမည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

စိတ်ပါဝင်စားသူများအနေဖြင့် http://www.lpfilmfest.org/content/IWTMekong.html တွင် အသေးစိတ်ဝင်ရောက် လေ့လာနိုင်သည်။

တောဆင်ရိုင်းများမှာလည်း မကြာခဏသတ်ဖြတ်ခံနေရသည့်အတွက် တောဆင်ရိုင်းထိန်းသိမ်းရေးအတွက် အသိပညာပေး လှုပ်ရှားမှုကမ်ပိန်းများကို ဗြိတိန်အစိုးရက ဦးဆောင်၍ သားငှက်ထိန်းသိမ်းရေးအဖွဲ့နှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) တို့ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိသည်။

E-03