News

POST TYPE

LATEST NEWS POST

ပုပ္ပားတောင်ကလပ်အနီး ကမ်းပါးနံရံပြိုကျ
မန္တလေး၊ ဇွန် ၁၃

ပုပ္ပားတောင်ကလပ်အနီးရှိ ဝေဘူလကျောင်းနေရာတွင် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက အက်ကြောင်းများဖြစ်ပေါ်ခဲ့ပြီး ကမ်းပါးနံရံပြိုကျခဲ့ကြောင်း ပုပ္ပါးတောင်ချစ်သူများအသင်းထံမှ သိရသည်။

“ဒီရက်ပိုင်းမိုးကလည်း ဆက်တိုက်ရွာနေတယ်။ အက်ကြောင်းတွေ လိုက်လာတယ်။ ကမ်းပါးနံရံပြိုကျသွားတယ်။ ကျန်တဲ့နေရာတွေကတော့ အက်ကြောင်းတွေ လိုက်လာတယ်။ ဘုန်းကြီး ကျောင်းနံရံတွေမှာ အက်ကြောင်းတွေပေါ်လာတယ်။ အခုဘုန်းကြီးကျောင်းက ပစ္စည်းတွေရွှေ့နေပါပြီ။ အရင်ဖြစ်ခဲ့တဲ့နေရာနဲ့ တော့ဝေးပါတယ်”ဟု ပုပ္ပားတောင် ချစ်သူများအသင်း ဒုတိယဥက္ကဋ္ဌဦးတိုးက ပြောကြားသည်။

အက်ကြောင်းများဖြစ်ပေါ်နေသော နေရာသည် ပုပ္ပားတောင်ကလပ်ရှိ ဝေဘူလရွှေဂူချောင် အောင်ချမ်းသာ ကျောင်းတိုက်တွင်ဖြစ်ကြောင်း၊ မြေသား ၄ ပေခန့် ကမ်းပါးနံရံပြိုကျခြင်း၊ အောက်ခံသမံတလင်း အက်ကွဲခြင်းများ၊ ကျောင်းတိုက်နံရံ အက်ကွဲခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ပုပ္ပားတောင်ကလပ်မှ နှစ်ဖာလုံခန့်ကွာဝေးသည့် အောင်သဒ္ဓိကုန်းနေရာတွင် မြေကျွံကျခြင်းများဖြစ်ပေါ်ခဲ့ဖူးသည်။

ယင်းသို့မြေကျွံကျမှုကြောင့် ကားလမ်းပျက်စီးခြင်း၊ ကားလမ်းတစ်ဖက်စီရှိ ဆိုင်ခန်းနံရံများ အက်ကွဲခြင်း၊ ရေမြောင်းပြိုကျခြင်းတို့ ဖြစ်ပွားခဲ့၍ အဆိုပါနေရာတွင် အဆောက်အအုံများ ထပ်မံမဆောက်လုပ်ရန်၊ မြေဖို့ခြင်းများမပြုလုပ်ရန် ဒေသအာဏာပိုင်များက တားမြစ်ထားသည်။

ပုပ္ပားတောင်သည် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့ အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည်။

M-05