News

POST TYPE

LATEST NEWS POST

အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်အဖွဲ့များ ဇွန် ၁၅ တွင် လုံခြုံရေးကဏ္ဍ အလွတ်သဘော ဆွေးနွေးမည်
ရန်ကုန်၊ ဇွန် ၁၃

အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့ ဇွန်လ ၁၅ ရက်တွင် အလွတ်သဘော ထပ်မံတွေ့ဆုံကာ ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးတွင်ပါဝင်မည့် လုံခြုံရေးကဏ္ဍကို အလွတ်သဘောထပ်မံ ဆွေးနွေးကြမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသည် မေလ ၃၁ ရက်နေ့က အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်အဖွဲ့များအကြား မပြီးပြတ်ခဲ့သည့် အလွတ်သဘောဆွေးနွေးပွဲကို ပြန်လည်ဆွေးနွေးခြင်းဖြစ်ပြီး ဇွန်လ ၁၅ ရက် တစ်ရက်တည်းဖြင့် မပြီးပြတ်ပါက ရက်ထပ်တိုးကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အပစ်ရပ်လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်ဘက်မှ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားသည်။

၂၁ ရာစု ပင်လုံညီလာခံ တတိယအစည်းအဝေးရက်သတ်မှတ်ရေးတွင် တိုင်းရင်းသားအဖွဲ့များက ဇူလိုင်လ ၁၀ ရက်တွင်ကျင်းပရန် အဆိုပြုထားပြီး အစိုးရဘက်က ယခုလကုန် ကျင်းပလိုသည့် သဘောကွဲပြားမှုကိုလည်း အဆိုပါဆွေးနွေးပွဲတွင် လုံခြုံရေးကဏ္ဍနှင့်အတူ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ခွန်မြင့်ထွန်းက ပြောကြားသည်။

“လုံခြုံရေး ကဏ္ဍအလွတ်သဘော ဆွေးနွေးပွဲပါ။ နိုင်ငံရေးကဏ္ဍကတော့ ဆွေးနွေးဖို့အတွက် မရှိသေးဘူး။ ဆွေးနွေးမယ့်နေ့ကတော့ ၁၅ ရက်နေ့ပါ လိုအပ်ရင်တော့ ဆက်ဆွေးနွေးမှာပေါ့” ဟု ၎င်းက ဆိုသည်။

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် တိုင်းရင်းသား အဖွဲ့တို့ကြားညှိနှိုင်းမရ ဖြစ်နေသည့်အချက်များအတွက် မေလကုန်က နိုင်ငံရေးကဏ္ဍနှင့် လုံခြုံရေးကဏ္ဍ အလွတ်သဘော ဆွေးနွေးပွဲ နှစ်ကြိမ် ကျင်းပြုလုပ်ခဲ့သည်။

နိုင်ငံရေး ကဏ္ဍဆွေးနွေးပွဲတွင် ခွဲမထွက်ရနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အချက်များကို လက်ရှိညီလာခံတွင် ချန်လှပ်ထားခဲ့ရန် ဆုံးဖြတ်ခဲ့ပြီး မဆွေးနွေးရသေးသည့်အခြားအခန်းများကို ဆက်လက်ဆွေးနွေးသွားရန် နှစ်ဖက် သဘောတူထားသည်။

NCA သဘောတူစာချုပ်အရ ကျင်းပမည့် ၂၁ရာစု ပင်လုံညီလာခံတွင် ညီလာခံနှစ်ကြိမ် ကျင်းပပြီးစီးခဲ့သော်လည်း လက်ရှိအချိန်ထိ လုံခြုံရေးကဏ္ဍတွင် အချက်တစ်ချက်မှ သဘောတူနိုင်ခြင်း မရှိသေးပေ။

ထို့ပြင် လုံခြုံရေးကဏ္ဍတွင် တစ်ခုတည်းသော တပ်မတော်ဖွဲ့စည်းရေး၊ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးတို့တွင် အငြင်းပွားမှုများရှိနေပြီး DDR/SSR လုပ်ငန်းစဉ်များဖြစ်သော တပ်များနေရာ ချထားရေး၊ တပ်ဖြုတ်သိမ်းရေးလုပ်ငန်းစဉ်များကိုလည်း သဘောတူနိုင်ခြင်း မရှိသေးပေ။

တတိယအကြိမ်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးကို ပြီးခဲ့သည့် ၂၀၁၇ နှစ်ကုန်ပိုင်းကတည်းက ကျင်းပရန်စီစဉ်ထားခဲ့သော်လည်း အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များကြား ညှိနှိုင်းမှု အဆင်မပြေသေးသည့်အတွက် ညီလာခံ ကျင်းပမည့်အချိန်ကို ယခုနှစ် ဇွန်လ သို့မဟုတ် ဇူလိုင်လဆန်းပိုင်းအထိ ရွှေ့ဆိုင်းထားခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် NCA သဘောတူစာချုပ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော် (DKBA)၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး - (ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ လက်မှတ်ရေးထိုးထားသည်။

J-08