News

POST TYPE

LATEST NEWS POST

ရသေ့တောင်မှ လှေစီးဒုက္ခသည်များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအချို့ပါဝင်ဟု အစိုးရပြော
14-Jun-2018
စစ်တွေ၊ ဇွန် ၁၃

ရသေ့တောင်မြို့နယ် အောင်ဗလ ချောင်းဝအနီး ပင်လယ်ကမ်းခြေ၌တွေ့ ရှိသော လှေစီးဒုက္ခသည် ဘင်္ဂါလီလူမျိုး ၁၀၄ ဦးကို သက်ဆိုင်ရာက စိစစ်ရာ ဇွန်လ ၁၂ရက်အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂ဦး ပါဝင်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။ 

“အခုလည်း စိစစ်နေဆဲပါပဲ၊ သူတို့ ဘင်္ဂလားဒေ့ရှ်က မလေးရှားကို ထွက်သွားမယ့်လူတွေဖြစ်နေတယ်။ အကြမ်းအားဖြင့်တော့ ကျန်တဲ့သူတွေကတော့ ဘူးသီးတောင်၊ မောင်တောမှာ နေခဲ့တဲ့သူတွေ ဖြစ်နေတယ်”ဟု ၎င်းက ရှင်းပြသည်။ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်နည်းလမ်းဖြင့် စနစ်တကျ လွှဲပြောင်းပေးမည်ဖြစ်ပြီး လှေစီးဒုက္ခသည်များအနက် မြန်မာနိုင်ငံ၌ အမှန်တကယ် နေထိုင်ခဲ့ကြောင်း စိစစ်တွေ့ရှိပါက မောင်တောခရိုင်ထဲမှ သက်ဆိုင်ရာ ဆွေမျိုးများထံပို့ဆောင်သွားမည်ဖြစ်ကြောင်း၊ လှေစီးဒုက္ခသည်များက မောင်တောခရိုင်၌ရှိသော ဆွေမျိုးများထံသို့ ဥပုသ်ကာလမကုန်မီ ဇွန် ၁၆ ရက်နေ့ ပြန်လိုသည်ဟု တောင်းဆိုကြပြီး ၎င်းတို့ကို UEHRD အစီအစဉ်ဖြင့် ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။ 

“ဒီနိုင်ငံမှာနေခဲ့တာဆိုတော့ လွယ်တယ်။ NVC ရဲ့ အကျိူးကျေးဇူးတွေကို ပြောပြသွားမယ်။ လက်ခံတာ မခံတာတော့ သူတို့ရဲ့ သဘောဆန္ဒအတိုင်းဖြစ်တယ်” ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။ 

ဇွန်လ ၁၁ ရက် နံနက်က ဘင်္ဂါလီ လူမျိုးကျား ၄၄ ဦး၊ မ ၆၀ ကလေးများအပါအဝင် စုစုပေါင်း ၁၀၄ ဦး စက်လှေပျက်ပြီး ကမ်းပေါ်သို့ တက်လာစဉ် ဒေသခံများတွေ့ရှိ၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း၊ တာဝန်ရှိသူများက ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့ စစ်ဆေးရန် ခေါ်ဆောင်သွားကြသည်။

အကြမ်းဖက်မှု ဖြစ်စဉ်ဖြစ်ပွားပြီး နောက် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးသွားကြပြီး မြန်မာနိုင်ငံသို့ ပြန်လည်ကာ မောင်တောမြို့နယ်အတွင်း နယ်စပ်များမှ ဘင်္ဂါလီများ ရန်ဖန်ရံခါ ပြန်လည် ခိုးဝင်လာမှုများရှိကြောင်း၊ ယင်းသို့ ခိုးဝင်လာမှုကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးရာ မေလ ၂၇ ရက်က ဘင်္ဂါလီလူမျိုး ၆၂ ဦးက ၎င်းတို့၏ သဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သောကြောင့် လွတ်ငြိမ်းချမ်းသာ ခွင့်ပြုကာ ယခင်နေထိုင်ခဲ့သောနေရာများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ 

“တစ်ချို့ ဟိုဖက်မှာနေတာ အဆင်မပြေကြတဲ့အခါ တရားဝင်လမ်းကြောင်းက လာဖို့ ခက်ခဲတယ်ဆိုတော့ တစ်ချို့က ခိုးဝင်လာတဲ့ပုံစံမျိုးတွေရှိတယ်။ မကြာခင်မှာတော့ တရားဝင်လမ်းကြောင်းက ပိုအဆင်ပြေလာမယ့် အခြေအနေရှိတယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ရှင်းပြသည်။

အလားတူ ၂၀၁၅ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ သင်္ဘောကွေ့ ကျေးရွာအနီး ပင်လယ်၌ လှေစီးဒုက္ခသည် ၂၂၈ ဦးအားတွေ့ရှိခဲ့ရာ စိစစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၈ ဦး ပါဝင်သဖြင့် ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် မေလ ၂၉ ရက်က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ပင်လယ်ပြင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေစီးဒုက္ခသည် ၇၄၃ ဦး တွေ့ရှိခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

R-22