News

POST TYPE

LATEST NEWS POST

ကြံခင်းတွင် တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ ဖမ်းမိ
11-Jun-2018

ဟင်္သာတ၊ ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ် ၂ ရပ်ကွက်နှင့် တံတားဦးကျေးရွာရှိ နေအိမ်တို့မှ တောရိုင်းတိရစ္ဆာန်များ၏ အရေခွံ၊ ဦးခေါင်းချို၊ ခြေသည်းလက်သည်း၊ အစွယ်များအပါအဝင် လက်ရိုး၊ အစာအိမ်နှင့် သည်းခြေစသည့်တို့ကို ဖမ်းဆီးရမိသဖြင့် ဇွန်လ ၁၀ ရက်နေ့က အမှုဖွင့်ထားကြောင်း ကြံခင်းမြို့နယ်၊ သစ်တောဦးစီးဌာနထံမှ သိရသည်။

ဇွန်လ ၉ ရက်နေ့ညပိုင်းက ဘက်ရဲမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ အသက် ၃၂ နှစ်အရွယ် ဦးဇော်ဝင်းမောင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ ဦးချိုအစုံပါ ဆတ်ခေါင်း ၁ ခေါင်း၊ ဆတ်ချို ၁ ချောင်း၊ ချေဦးခေါင်း ၁ ခေါင်း၊ ချေဦးချို ၃ ချောင်း၊ တောဝက်အစွယ် ၁၇ ချောင်း၊ လိပ်ရင်ဘတ် ၂ ခု၊ တောဝက်သည်းခြေ ၅ ခု၊ ဝက်ဝံလက်သည်း ၁ ခု၊ တောကြောင်လက်သည်း ၂၇ ခု၊ တောကြောင်မြင်းခေါင်း ၁ ခေါင်းနှင့် ချေသားရေ ၄ ချပ်စသည့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။ 

ယင်းနောက် ကြံခင်းမြို့နယ်၊ ကြာအင်းအုပ်စု တံတားဦးကျေးရွာရှိ ပရဆေးလုပ်ငန်းလုပ်ကိုင်သူ အသက် ၃၇ နှစ်အရွယ် ဦးဝင်းမြင့်အောင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာတွင် ယင်းကဲ့သို့ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများကို ဖမ်းဆီးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ဦးဇော်ဝင်းမောင်နှင့် ဦးဝင်းမြင့်အောင်တို့ကို ဘက်ရဲနယ်မြေရဲတပ်ဖွဲ့စခန်းက ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း ယင်းစခန်းထံမှသိရသည်။ 

R-13

  • VIA