News

POST TYPE

LATEST NEWS POST

ပဲရစ်ရောက် မာလီစပိုက်ဒါမန်း ပြင်သစ်နိုင်ငံသားဖြစ်ခွင့်ရ၊ မီးသတ်ဌာန၌ အလုပ်ဝင်ရန် သမ္မတမက်ခရွန် ကမ်းလှမ်း
30-May-2018


ပဲရစ်၊ မေ ၂၉

မကြာသေးခင်ရက်ပိုင်းက ပဲရစ်မြို့ရှိ အထပ်မြင့်တိုက်တစ်လုံးတွင် တွဲလောင်းအနေအထားဖြင့် ပြုတ်ကျမလိုဖြစ်နေသည့် ကလေးငယ်တစ်ဦးကို အသက်အန္တရာယ် ဂရုမစိုက်ဘဲ ကယ်တင်ခဲ့သောကြောင့် စပိုက်ဒါမန်းဟု တင်စားခေါ်ဆိုခံနေရသူ မာလီလူမျိုးရွှေ့ပြောင်းအခြေချသူ မစ္စတာ မန်မူဒူဂတ်ဆာမာသည် ပြင်သစ်နိုင်ငံသားအဖြစ် ခံယူတော့မည်ဖြစ်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ ၎င်းကို ကလေးငယ်၏ မိဘများ၊ ပြင်သစ်သမ္မတနှင့် ပြင်သစ်ပြည်သူများက သက်စွန့်ဆံဖျား လုပ်ရပ်ကြောင့် အထူးကျေးဇူးတင်လျက်ရှိသည်ဟုလည်း သတင်းကဆိုသည်။ 

မစ္စတာမန်မူဒူဂတ်ဆာမာသည် မေလ ၂၈ ရက်နေ့က ပဲရစ်မြို့ရှိ လေးထပ် အဆောက်အအုံတစ်ခုတွင် တွဲလောင်းဖြစ်နေသည့် လေးနှစ်အရွယ်ကလေးငယ်ကို ယင်းတိုက်ပေါ် အရေးပေါ်ခုန်တက်ကာ ကယ်တင်ခဲ့ခြင်းကြောင့် ပြင်သစ်နိုင်ငံတွင်း ပြည်သူအများစု၏ ချီးမွမ်းခံနေရသည်။ 

မစ္စတာမန်မူဒူဂတ် ဆာမာကို ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်က ပဲရစ်မြို့ရှိသမ္မတရုံးတွင် ခေါ်ယူတွေ့ဆုံကာ ၎င်း၏ လုပ်ရပ်အတွက် ကျေးဇူးတင်ကြောင်း ချီးမွမ်းပြောဆိုသည်။ ၎င်းသည် ပြင်သစ်ရောက် အခြားရွှေ့ပြောင်းအခြေချသူအများစုကဲ့သို့ပင် မြေထဲပင်လယ်ကိုဖြတ်သန်းပြီး အီတလီမှတစ်ဆင့် ပြင်သစ်သို့ရောက်ရှိလာခြင်းဖြစ်ပြီး မူရင်းနိုင်ငံမှာ မာလီဖြစ်သည်။ 

မန်မူဒူဂတ်ဆာမာ (၂၂ နှစ်) သည် အလုပ်အကိုင်နှင့် နေထိုင်ခွင့်မရှိဘဲ တရားမဝင်သွားလာနေသူဖြစ်သော်လည်း ပဲရစ်မြို့ရှိ အဆောက်အအုံတစ်ခုပေါ်၌ ယင်းကလေးငယ် တွဲလောင်းဖြစ်နေသည်ကို တွေ့သောအခါ အခြားကိစ္စများ မစဉ်းစားနိုင်တော့ဘဲ ကလေးကိုကယ်တင်ရန်သာ အတွေးဝင်ခဲ့သည်ဟု ဆိုသည်။ 

ယခုလို ကယ်တင်လိုက်ခြင်းကြောင့် လူအများ၏ အာရုံစိုက်ခြင်းခံရကာ မိမိ မည်သူမည်ဝါဖြစ်သည်ကို သက်ဆိုင်ရာက သိရှိသွားနိုင်သည်ကို သိသော်လည်း ကလေးပြုတ်ကျမည်ကိုစိုးရိမ်သောကြောင့် လေးထပ်တိုက်ပေါ်သို့ အရေးပေါ်ခုန်တက်သွားခဲ့သည်။ ကလေးငယ်ကို မစ္စတာမန် မူဒူဂတ်ဆာမာ ကယ်တင်ခဲ့သည့် မြင်ကွင်းကို ရိုက်ကူးထားသောဗီဒီယိုများ လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့လျက်ရှိပြီး ၎င်းကို မာလီစပိုက်ဒါမန်းဟု ချစ်စနိုးခေါ်ဝေါ်လျက်ရှိသည်ကိုလည်း တွေ့ရသည်။ 

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က မစ္စတာမန်မူဒူဂတ်ဆာမာ၏ လုပ်ရပ်အတွက် အထူးကျေးဇူးတင်ကြောင်းနှင့် ၎င်းကို ပြင်သစ်နိုင်ငံသားအဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း ပြောကြားသည်။ မက်ခရွန်က မစ္စတာမန်မူဒူဂတ်ဆာမာ၏ ရဲစွမ်းသတ္တိအတွက် ဆုတံဆိပ်တစ်ခုလည်း ပေးအပ်ခဲ့သလို ပြင်သစ်မီးသတ်ဌာနတွင် ဝင်ရောက်လုပ်ကိုင်ပေးရန်လည်း ကမ်းလှမ်းခဲ့သည်။ 

“ကျွန်တော် အများကြီးတွေး မနေဘူး၊ လမ်းဖြတ်ကူးပြီးတော့ ကလေးငယ်ကို ပြေးကယ်လိုက်တာပါပဲ” ဟု မစ္စတာ မန်မူဒူဂတ်ဆာမာက လေးနှစ်အရွယ် ကလေးငယ်အား ကယ်တင်ခဲ့ပုံနှင့်ပတ်သက်၍ ပြောကြားသည်။ 

“တိုက်ပေါ်ခုန်တက်တယ်၊ ဘုရားသခင်ကိုကျေးဇူးတင်တယ်၊ ဘုရားသခင်ရဲ့ ကူညီမှုကြောင့်ပါ။ တက်ရင်း၊ တက်ရင်းနဲ့ထပ်တက်ဖို့ သတ္တိတွေရှိလာတယ်၊ ဒါပါပဲ” ဟု ၎င်းကဆိုသည်။ မီးသတ်သမားများ ရောက်ရှိလာသောအခါ ကလေးငယ်ကို မစ္စတာမန်မူဒူဂတ်ဆာမာက ကယ်တင်နိုင်ခဲ့ပြီးဖြစ်သည်။

F-01