News

POST TYPE

LATEST NEWS POST

ကလေးတွင် စာသင်ကျောင်း ၄၀ ကို အဆင့်တိုး
29-May-2018

ကလေး၊ မေ ၂၈ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအနက် စာသင်ကျောင်း ၄၀ ကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း ကလေးမြို့နယ်၊ ပညာရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။ 

တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုသည့် စာသင်ကျောင်းအဖြစ် အထက်တန်းကျောင်း သုံးကျောင်း၊ အထက်တန်းကျောင်း (ခွဲ) ခုနစ်ကျောင်း၊ အလယ်တန်းကျောင်း ၁၃ ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) လေးကျောင်း၊ မူလတန်း (လွန်) ကျောင်း ငါးကျောင်း၊ မူလတန်းကျောင်းငါးကျောင်းနှင့် မူလတန်း (ခွဲ) ကျောင်းသုံးကျောင်း စုစုပေါင်းကျောင်း ၄၀ ကို တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ 

ယင်းသို့ ဖွင့်လှစ်လိုက်သည့်ကျောင်းများအနက် အလယ်တန်းကျောင်းမှ အထက်တန်းကျောင်း (ခွဲ) အဖြစ် ဖွင့်လှစ်လိုက်သည့် စာသင်ကျောင်းများတွင် သင်ကြားရေး ဆရာ၊ ဆရာမလိုအပ်ချက် ရှိလာမည်ဖြစ်ကြောင်း ကလေးမြို့နယ်၊ ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်၊ ပညာရေးမှူး ဦးညီညီထွေးက ပြောကြားသည်။ 

“အလကကနေ ထခွဲဖြစ်သွားတဲ့ ကျောင်းမျိုးကျတော့ မနှစ်က အထက်တန်းပြမရှိဘူး။ ဒီနှစ်မှ ထခွဲဖြစ်လာတယ်ဆိုတော့လေ။ အရင်နှစ်တွေတုန်းကတော့ ကျောင်းထဲက အလယ်တန်းအဆင့်က အထက်တန်းသင်နိုင်တဲ့ ဆရာတွေက အထက်တန်းအဆင့်တက်သင်ပြီးမှ အပြင်က စေတနာရှင်လေးတွေ ဘာလေးတွေရှာပြီး လုပ်အားပေးခေါ်ပြီးမှ အဲဒီလိုလည်း လုပ်ကြတာများတယ်”ဟု ၎င်းက ဆိုသည်။

ကလေးမြို့နယ်အတွင်း ယခင်နှစ် ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားခဲ့သည့် စာသင်ကျောင်းပေါင်း ၁၉၅ ကျောင်းရှိပြီး ကျောင်းအုပ်ဆရာမကြီး အပါအဝင် စာသင်ကြားပေးသည့် ဆရာ၊ ဆရာမ စုစုပေါင်း ၂၆၆၇ ဦးရှိကြောင်း ကလေးမြို့နယ် ပညာရေးမှူးရုံးစာရင်းအရ သိရသည်။

“ဒီနှစ်မှ အထက်တန်းစဖြစ်တာဆိုတော့ အထက်တန်းသင်နိုင်တဲ့ ဆရာ၊ ဆရာမတွေကို ငှားရမှာ။ အဲဒီအတွက် အထက်တန်းလာတက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေဆီကနေပဲ ဆရာငှားခ ငွေကြေးကောက်ခံမယ်ဆိုပြီး စီစဉ်ထားတယ်”ဟု အ.လ.က မှ အထက (ခွဲ) အဖြစ် ကျောင်းအဆင့်တိုးမြှင့်ခဲ့သည့် နန်းစောင်း ပုကျေးရွာမှ ကျောင်းအကျိုးတော်ဆောင် ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဦးက ပြောဆိုသည်။

R-20

  • VIA