News

POST TYPE

LATEST NEWS POST

ကရင်ပြည်နယ်မှ ကလေး ၁၀၀ ကျော်ကို ခြေတုလက်တု များထောက်ပံ့
28-May-2018

ဘားအံ၊ မေ၂၇ 

ကရင်ပြည်နယ်၊ တောင်ကလေးရွာတွင် ဧပြီလတတိယပတ်မှ မတ်လ ၂၇ ရက်အထိ ကလေး ၁၀၄ ဦးကို ခြေတု/လက်တုနှင့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း ဘားအံ၊ တောင်ကလေး ခြေတုလက်တုနှင့် ပြန်လည်ထူထောင်ရေးဌာနထံမှ သိရသည်။

အဆိုပါ ထောက်ပံ့မှုကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ကလေးသူငယ်များ ဦးစားပေးဆောင်ရွက်သည့် Child Programme အနေနှင့် ခြေတုလက်တုတပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြစ်သည်။ 

အကြောင်းအမျိုးမျိုးကြောင့် ခြေလက်ပြတ်သူများ၊ ပိုလီယိုကဲ့သို့ ခြေလက်သိမ်သူများ မွေးရာပါ ခြေလက်တိုသူများကို ခြေတုလက်တုများ၊ အားပြုကိရိယာနှင့် အထောက်အကူပြုကိရိယာများကို တပ်ဆင်ခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်ပေးချိန်ကာလအတွင်း နေထိုင်စားသောက်ရေး စီစဉ်ပေးခြင်းများကို လုပ်ဆောင်ပေးခဲ့ကြောင်း ယင်းဌာနမှဆိုသည်။

အဆိုပါ ကလေးသူငယ်အစီအစဉ်တွင် အသက် ၁၆ နှစ်အောက် ကလေးများကို ရည်ရွယ်ထားပြီး မွန်၊ ကရင် ၊ တနင်္သာရီတို့မှ ကလေးများကို အခမဲ့ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ဘားအံမြို့နယ် ခြေတုလက်တုနှင့် ပြန်လည်ထူထောင်ရေးဌာနမှ မန်နေဂျာ ဒေါ်ကျော့သီတာအောင်က ပြောသည်။ 

အဆိုပါဌာနတွင် ခြေတုလက်တုနှင့် အထောက်အကူပြု ကိရိယာတပ်ဆင်ပြီးပါက လေ့ကျင့်ခန်းပြုလုပ်ရန် တစ်ပတ်ကြာနေထိုင်ရကြောင်း၊ ယင်းအပြင်နယ် လှည့်ခြေတုပြုပြင်ရေး ဝန်ဆောင်မှုကိုလည်း တစ်လလျှင် ၂ ကြိမ်ကျဆောင်ရွက်ပေးခဲ့ရာ လူဦးရေ ၁၀၀၀ ကျော်ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၎င်းထံမှသိရသည်။ 

“ကလေးကမွေးရာပါ ဘယ်ခြေထောက်တိုနေတာ ခုဒီမှာ ခြေတုလာလုပ်တာ၊ ဆရာဝန်တွေက ဗီတာမင်ချို့တဲ့တာလို့ ပြောတယ်၊ ကျွန်မတို့ တောသူတောင်သားအနေနဲ့တော့ သိပ်လက် မခံနိုင်ဘူး၊ ပုံမှန်စားတာပဲ သူ့ကံပါလို့ဒီလို ဖြစ်တာလို့ပဲယုံကြည်တယ်”ဟု လှိုင်းဘွဲ့ မြို့နယ်နေ အသက် ၁၀ နှစ်အရွယ် သားဖြစ် သူအတွက် ခြေတုလာလုပ်သူ မိခင်တစ်ဦး က ပြောသည်။ 

ဘားအံခြေတုလက်တုနှင့် ပြန်လည်ထူထောင်ရေးလုပ်သော ဌာနတွင် ၂၀၁၇ ခုနှစ်အတွင်း ခြေတုလက်တု ၅၀၀ တပ်ဆင်နိုင်ခဲ့ကြောင်း၊ စင်တာထူထောင်သည့် ၂၀၀၃ ခုနှစ်မှ လက်ရှိအထိ ခြေတုလက်တု လာရောက်တပ်ဆင်သူများအနက် ထက်ဝက်ခန့်မှာ တိုက်ပွဲကြောင့် ခြေလက်ဆုံးရှုံးရသူများဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ 

R-17

  • VIA