News

POST TYPE

LATEST NEWS POST

လုံခြုံရေးဝန်ထမ်းကိုသတ်ပြီး ငွေနှင့် လက်ကိုင်ဖုန်းယူဆောင်သွားသူ နှစ်ဦးကို ဖမ်းမိ
ရန်ကုန်၊ မေ ၂၄

ရန်ကင်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ ရွှေအိမ်ရာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသည့် ဆောက်လက်စ အဆောက်အအုံအတွင်း လုံခြုံရေး ဝန်ထမ်းအမျိုးသားတစ်ဦးကို သံတုတ်ဖြင့် ရိုက်သတ်ပြီး ငွေနှင့် လက်ကိုင်ဖုန်းတစ်လုံးကို ယူဆောင်သွားသော လူငယ်နှစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ အသက် ၁၉ နှစ် ဝင်းနိုင်ဖြိုး (ခ) ငရှိုင်းနှင့် အသက် ၂၁ နှစ် အောင်ဖြိုးကို (ခ) ကပ္ပလီတို့ နှစ်ဦးမှာ မေလ ၂၂ ရက် နံနက်အစောပိုင်းက ရန်ကင်းမြို့နယ်အတွင်း ပစ္စည်းများ ခိုးယူရန် လိုက်လံကြည့်ရှုခဲ့ရာမှ ဆောက်လက်စ အဆောက်အအုံအတွင်းရှိ သံတိုသံစများ ခိုးယူရန် အထဲသို့ ဝင်ရောက်စဉ် လုံခြုံရေးဝန်ထမ်း အမျိုးသားက ၎င်းတို့ကို မြင်တွေ့ခဲ့သောကြောင့် သံတုတ်ဖြင့် ရိုက်သတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဦးခေါင်းနောက်စေ့ကို သံတုတ်ဖြင့် နှစ်ချက်ဆင့်ရိုက်ခံရသည့် လုံခြုံရေးဝန်ထမ်း အသက် ၄၀ နှစ် ဦးဇော်ဝမ်းကို ပြစ်မှုကျူးလွန်သည့် လူငယ်နှစ်ဦးက လျှပ်စစ်ပန်ကာမှ ဝါယာကြိုးကိုဖြတ်၍ ဦးဇော်ဝမ်း၏ ခြေနှစ်ဖက်ကို ချည်နှောင်ပြီး ပါးစပ်ကိုတိပ်ဖြင့်ပတ်၍ အပေါ်မှ စွပ်ကျယ်ဖြင့် ထပ်မံ ချည်နှောင်ထားခဲ့ကြောင်း၊ ယင်းနောက် လုံခြုံရေးဝန်ထမ်း၏ သံသေတ္တာမှ သော့ကို ၎င်းတို့နှစ်ဦးက ရိုက်ဖျက်ပြီး အထဲရှိ ငွေကျပ်တစ်သောင်းကျော်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို ယူဆောင်သွားခဲ့ကြောင်း အမှုစစ်ဆေးပေါ်ပေါက်ချက်အရ ရဲအရာရှိထံမှ သိရသည်။

“လူသတ်မှုကို စစ်ဆေးကြည့်တော့ အခင်းဖြစ်နေရာမှာ သွေးစွန်းနေတဲ့ အဖြူရောင် တီရှပ်အင်္ကျီတစ်ထည်ရယ် သံတုတ်တစ်ချောင်းရယ်တို့ကို တွေ့ခဲ့တယ်။ ပြီးတော့ သံသေတ္တာတစ်လုံးကို ဖျက်ဆီးမွှေနှောက်ထားတယ်။ သူခိုးက လူမိသွားလို့ လူသတ်မှုအထိ ပြစ်မှုကျူးလွန်ခဲ့တာ ဖြစ်နိုင်တာကြောင့် ခိုးမှုပြစ်ချက်ဟောင်း ရှိသူတွေကို သတင်းဖြန့်ကြက်စုံစမ်းခဲ့ရာက ဒီအမှုကို နှစ်ရက်အတွင်းမှာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာပါ” ဟု ရဲအရာရှိက ရှင်းပြသည်။

လူသတ်မှုကျူးလွန်ခဲ့သည့် နှစ်ဦးအနက် အောင်ဖြိုး (ခ) ကပ္ပလီမှာ ၂၀၁၂ ခုနှစ်က မြောက်ဥက္ကလာပမြို့နယ်ရှိ ဘုရားဝင်းအတွင်းထားရှိသော အလှူခံပုံးထဲမှ ငွေများကို ခိုးယူမှုဖြင့် သန်လျင်မြို့နယ် လူငယ်ပြုစုထိန်းသိမ်းရေးသင်တန်းကျောင်းတွင် ထောင်ဒဏ် တစ်နှစ် နှစ်လ ကျခံခဲ့ရဖူးပြီး အခင်းဖြစ်နေ့ နံနက် ၅ နာရီက ၎င်းနှင့် ဝင်းနိုင်ဖြိုး (ခ) ငရှိုင်းတို့မှာ မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်ရှိ နေအိမ်သို့ ပြန်ရောက်လာကြစဉ် ၎င်းတို့ ဝတ်ဆင်ထားသည့် အဝတ်များတွင် သွေးများစွန်းနေကြောင်း ပတ်ဝန်းကျင်မှ စုံစမ်းသိရှိခဲ့သည်။

“သူတို့ နှစ်ယောက်က ညစောင့်တစ်ယောက်ကို ရိုက်နှက်ခဲ့တယ်လို့ သူငယ်ချင်းတွေကို ပြန်ပြောပြတယ်။ ပြီးတော့ သေဆုံးသွားသူရဲ့ မှန်ကွဲနေတဲ့ Huawei လက်ကိုင်ဖုန်းတစ်လုံးလည်း သူတို့ဆီမှာ ရှိနေတယ်လို့ သိရတာကြောင့် မေ ၂၃ ရက် ညနေပိုင်းမှာ သူတို့နှစ်ယောက်ကို ဖမ်းဆီးခဲ့တာ” ဟု ရဲအရာရှိက ပြောဆိုသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူနှစ်ဦးကို မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက် အတွင်းရှိ အဟောင်းဆိုင်တစ်ဆိုင်တွင် ပစ္စည်းများ လာရောက်ရောင်းချချိန်၌ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စစ်ဆေးရာ ၎င်းတို့ ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ယင်းအမှုကို ရန်ကင်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03