News

POST TYPE

LATEST NEWS POST

ထရမ့်၏ရှေ့နေက ဆွေးနွေးပွဲများ စီစဉ်ပေးရန် ယူကရိန်းထံမှ ငွေကြေးလက်ခံခဲ့ဟု သတင်းထွက်
25-May-2018



ဝါရှင်တန် မေ ၂၄

ဒေါ်နယ်ထရမ့်၏ ကိုယ်ရေးကိုယ်တာရှေ့နေ မိုက်ကယ်ကိုဟင်သည် သမ္မတထရမ့်နှင့် ယူကရိန်းသမ္မတအကြား ဆွေးနွေးပွဲများ စီစဉ်ပေးရန်အတွက် ယူကရိန်းထံမှ အနည်းဆုံး ဒေါ်လာ ၄၀၀,၀၀၀ လက်ခံခဲ့သည်ဟု ကိဗ်မှ သတင်းများအရ သိရှိရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ငွေပေးချေမှုကို ယူကရိန်းသမ္မတ ပိုရိုရှန်အတွက် အကျိုးဆောင်ပေးသူ ကြားပွဲစားများက စီစဉ်ပေးသည်ဟု သတင်းများက ဆိုသည်။

ရှေ့နေကိုဟင်က ယင်းစွပ်စွဲချက်များကို ငြင်းဆန်ထားသည်။

တွေ့ဆုံမှုကို ယခင်နှစ် ဇွန်လက အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့ပြီး ပိုရိုရှန်ကို ပြန်သွားပြီးနောက် ယူကရိန်း အဂတိလိုက်စားမှုနှိမ်နင်းရေးဌာနက ထရမ့်၏ မဲဆွယ်မန်နေဂျာဟောင်း ပေါလ်မာနာဖို့အား စုံစမ်းစစ်ဆေးနေမှုကို ရပ်ဆိုင်းခဲ့သည်။

ယူကရိန်းထောက်လှမ်းရေး အကြီးတန်းအရာရှိတစ်ဦး၏ အဆိုအရ ရှေ့နေ ကိုဟင်သည် ဆွဲသွင်းခံရခြင်းဖြစ်ကြောင်း၊ ဝါရှင်တန်ရှိ ယူကရိန်းအကျိုးဆောင်များနှင့် သံရုံးတို့သည် ပိုရိုရှန်ကိုနှင့်ထရမ့် တွေ့ဆုံသည့်ဓာတ်ပုံရရှိရေးကို ဖန်တီးခဲ့ကြောင်း၊ ပိုရိုရှန်ကိုသည် ဆွေးနွေးပွဲအဖြစ် သရုပ်တူလုပ်ဆောင်ခဲ့ပုံရကြောင်း၊ ပိုရိုရှန်ကိုသည် ထရမ့်နှင့် ဘေးပေါက်လမ်းကြောင်း ထူထောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းတာဝန်ကို အကြံပေးဟောင်းတစ်ဦးက လက်ခံကာ သစ္စာရှိ ယူကရိန်းအမတ်တစ်ဦးကို အကူအညီတောင်းခဲ့ကြောင်း သိရှိရသည်။

ထိုအမတ်က နယူးယောက်ရှိ Chabad ဂျူးကုသိုလ်ဖြစ်အဖွဲ့သို့ ရောက်ရှိနေသည့် ပုဂ္ဂလိက အဆက်အသွယ်များကို အသုံးပြုခဲ့သည်ဟုဆိုသည်။ Chabad အဖွဲ့ကမူ ၎င်းတို့ ပါဝင်ပတ်သက်ခြင်းမရှိဟု ငြင်းဆိုထားသည်။

ထိုဖြစ်စဉ်တွင် ရှေ့နေကိုဟင်က ဒေါ်လာ ၄၀၀,၀၀၀ ရရှိသွားခြင်းဖြစ်သည်။ ထိုသို့ ငွေပေးမှုအကြောင်းကို သမ္မတထရမ့် မသိရှိဟု ဆိုသည်။ ကိဗ်မှ ဒုတိယသတင်းတစ်ခုက အလားတူ အချက်အလက်များကို ပြောကြားခဲ့ပြီး ကိုဟင်ရရှိသောငွေမှာမူ ဒေါ်လာ ၆၀၀,၀၀၀ ဟု ဖော်ပြခဲ့သည်။

မိုက်ကယ်ကိုဟင်၏ ငွေကြေးကိစ္စ အသေးစိတ်အချက်များကို ဖော်ထုတ်ခဲ့သော အမေရိကန်မှ ရှေ့နေအေဗန်နက်တီကလည်း ထိုသတင်းများကို မှန်ကန်ကြောင်း ထောက်ခံခဲ့သည်။ ကိုဟင်၏ဘဏ်မှ အမေရိကန်ဘဏ္ဍာရေးဌာနသို့ တင်ပြသော သံသယဖြစ်ဖွယ်လှုပ်ရှားမှုအစီရင်ခံစာတွင် ယူကရိန်းထံမှပိုက်ဆံကို ကိုဟင်က လက်ခံခဲ့သည်ဟု ဖော်ပြထားကြောင်း အေဗန်နက်တီက ပြောကြားသည်။

ကိုဟင်ကို ထရမ့်၏ စီးပွားဖက်ဖြစ်ခဲ့သူ ဖီးလစ်ဆက်တာက ကူညီခဲ့သည်ဟု ယူကရိန်းထောက်လှမ်းရေးက ပြောကြားခဲ့ပြီး ထိုစွပ်စွဲမှုများကို ဆက်တာ၏ ရှေ့နေက ငြင်းဆိုထားသည်။

ယူကရိန်းသမ္မတရုံးက အစပိုင်းတွင် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း သတင်းထောက်များ၏ တောင်းဆိုမှုကြောင့် ဖြေကြားရာတွင် လိမ်ညာဖန်တီးထားသော ဇာတ်လမ်းအတုသာဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ပိုရိုရှန်ကိုသည် ဝါရှင်တန်သို့ သွားရောက်ခဲ့သည့်တိုင်အောင် ထရမ့်နှင့် မည်မျှကြာအောင် တွေ့ဆုံခဲ့သနည်းဟု မီဒီယာများက ဇွန်လကတည်းက မေးမြန်းစပ်စုနေခဲ့ကြသည်။ အိမ်ဖြူတော် အစီအစဉ်များအရ ပိုရိုရှန်ကိုသည် ထရမ့်က ဝန်ထမ်းအစည်းအဝေး လုပ်နေချိန်တွင် ဘဲဥပုံရုံးခန်း၌ စောင့်ဆိုင်းနေပုံရသည်ဟု သိရှိရသည်။

ပိုရိုရှန်ကိုသည် ထရမ့်နှင့် မိနစ်အနည်းငယ် လက်ဆွဲနှုတ်ဆက် ပြောဆိုရုံမျှသာ အခွင့်ရခဲ့သောကြောင့် ကိုဟင်၏ အခကြေးငွေမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်ခဲ့သည်ဟုဆိုသည်။ ကိုဟင်သည် ဘာမှလုပ်ပေးခဲ့ပုံမရဘဲ ဒေါ်လာငွေ သိန်းဂဏန်း ရယူခဲ့ခြင်းကြောင့် ယူကရိန်းဘက်က အမျက်ထွက်ခဲ့သည်ဟု ထောက်လှမ်းရေးအရာရှိက ပြောကြားသည်။

ပိုရိုရှန်ကိုသည် ထိုဖြစ်စဉ် ပေါက်ကြားသွားပြီးနောက် ယခုသတင်းဖော်ပြနေချိန်အထိ ၎င်း၏ ဂုဏ်သိက္ခာထိခိုက်မည့်အရေးကို ရှောင်လွှဲနိုင်ရန် မသေချာသေးပေ။

ထရမ့်၏ မဲဆွယ်မန်နေဂျာဟောင်း ပေါလ်မာနာဖို့ဒ်သည် ယူကရိန်းတွင် နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ကို စီမံခန့်ခွဲခဲ့စဉ်အချိန်က ရုရှားလိုလားသော ပါတီထံမှ ဒေါ်လာငွေ သန်းပေါင်းများစွာ လက်ခံခဲ့ဖူးပြီး အဂတိလိုက်စားမှု နှိမ်နင်းရေးဗျူရို၏ စုံစမ်းစစ်ဆေးခြင်း ခံရပြီးနောက်တွင် နုတ်ထွက်သွားခဲ့ရသည်။

ထို့နောက် ထရမ့်၏မဲဆွယ်အဖွဲ့တွင် လုပ်ကိုင်နေစဉ် အမေရိကန်သမ္မတရွေးပွဲ၌ ဟီလာရီအနိုင်ရမည်ဟု ခန့်မှန်းသော ပိုရိုရှန်ကို၏ ညွှန်ကြားချက်ဖြင့် ပေါလ်မာနာဖို့ဒ်၏ အချက်အလက်များ ပေါက်ကြားထွက်ပေါ်လာခဲ့သည်ဟု ယူကရိန်း သတင်းရင်းမြစ်များက ဆိုသည်။ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ဟီလာရီဘက်မှ ထောက်ခံခဲ့မိသူ ပိုရိုရှန်ကိုသည် ထရမ့်ထံ အမြန်ဆုံး သွားရောက်ဂုဏ်ြပုရန် ကြိုးစားခဲ့ရပြီး ဝါရှင်တန်မှ အပြန်တွင် မာနာဖို့ဒ်အား စုံစမ်းစစ်ဆေးမှုများကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

F-04