News

POST TYPE

LATEST NEWS POST

လက်ဖက်ရည်ဆိုင်အတွင်း ဝင်ရိုက်သည်ဟု သံသယရှိသူခြောက်ဦးကိုဖမ်းဆီး
24-May-2018

မန္တလေး၊ မေ ၂၄

ချမ်းမြသာစည်မြို့နယ် ကံသာယာ ရပ်ကွက်အတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ခုအတွင်း မေလ ၂၁ ရက်နေ့ ညပိုင်းက ဝင်ရောက်ရိုက်နှက်ခဲ့သည်ဟု သံသယရှိသူ ခြောက်ဦးကို အောင်ပင်လယ်နယ်မြေ ရဲစခန်းက ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

“လူခြောက်ယောက်ကို စစ်ဆေးနေပါတယ်။ ဒီနေ့ (မေ ၂၃) ပဲသူတို့ကို ချုပ်ခွင့်ရမန်ယူမှာပါ။ သူတို့ကို ပြန်လွှတ် ပေးလိုက်တယ်ဆိုတာ မဟုတ်ပါဘူး” ဟု ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူ က ပြောကြားသည်။

မေလ ၂၁ ရက်နေ့ညက ကံသာယာ ရပ်ကွက်အတွင်းရှိ သန်းတစ်ရာ လက်ဖက်ရည်ဆိုင်ပိတ်ပြီး ဝန်ထမ်းများ အိပ်စက်ရန် ပြင်ဆင်နေစဉ် အမျိုးသားခြောက်ဦး ဝင်ရောက်လာကာ တုတ်ဖြင့်ရိုက်ခြင်း၊ ဓားဖြင့်ခုတ်ခြင်းတို့ပြုလုပ်ကာ ထွက်ပြေးသွားခဲ့ခြင်းနှင့်ပတ်သက်၍ ၎င်းက ပြောကြားခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရပ်ကွက်နေပြည်သူများဖြင့် ဖွဲ့စည်းထားသည့် တည်ငြိမ်အေးချမ်းရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ကင်းလှည့်အဖွဲ့က သံသယရှိသူ ခြောက်ဦးကိုတွေ့ရှိထားခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့ ဖမ်းဆီးစစ်ဆေးနေသော်လည်း အမှုနှင့်သက်ဆိုင်သည့် သက်သေ အထောက်အထား မရဘေးဘဲ စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေရကြောင်း ရဲမှူးစံသူက ထပ်မံပြောကြားသည်။

လက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ကာ ဓားဖြင့်ခုတ်ခဲ့သည့် အမျိုးသား ခြောက်ဦးကို အောင်ပင်လယ် နယ်မြေရဲစခန်းက အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆၊ ပူးပေါင်းကြံစည်ကျူးလွန်မှု ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

“ဒီဖြစ်စဉ်မှာ ရဲကလည်း အခက်အခဲရှိမှာပါပဲ။ တစ်ခါ တစ်ဖက်က ဖမ်းပေးတယ်ဆိုတဲ့အဖွဲ့ကလည်း ကျွန်တော်တို့ဦးဆောင်ပြီး ဖွဲ့ထားတဲ့အဖွဲ့ပါ။ ရဲအနေနဲ့က သံသယရှိရုံနဲ့လူတွေကို ချုပ်ထားလို့ မရဘူး။ ချုပ်ထားရင်လည်း တစ်ဖက်လူမှာ နစ်နာတယ်။ ရဲအတွက်လည်း ပြဿနာ ရှိနိုင်တယ်”ဟု ချမ်းမြသာစည်မြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောကြားသည်။ 

M-04