News

POST TYPE

LATEST NEWS POST

ကလေးသူငယ်အမှုများ အမြန်စစ်ဆေးရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
24-May-2018 tagged as ကလေးသူငယ်

ရန်ကုန်၊ မေ ၂၄

လူမှုဝန်ထမ်းဌာနအောက်မှ သန်လျင်လူငယ်သင်တန်းကျောင်းရှိ ယာယီ ထိန်းသိမ်းခံရသော ကလေးသူငယ်အမှုများကို တရားရုံးက စစ်ဆေးရာတွင် ကြန့်ကြာသည့်အတွက် မြန်ဆန်စွာ စစ်ဆေးပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က တောင်းဆိုထားကြောင်း အဆိုပါကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောကြားသည်။

ကလေးသူငယ်အမှုကို ကိုင်တွယ်စစ်ဆေးသည့် ကလေးသူငယ် တရားရုံးနှင့် မြို့နယ် တရားရုံးများအနေနှင့် မြန်မြန်ဆန်ဆန် စစ်ဆေးပေးရန် ရန်ကုန်တိုင်း တရားလွှတ်တော်ချုပ်သို့ ယခုလအတွင်း အကြောင်းကြားစာ ပေးပို့ထားကြောင်း ၎င်းကဆိုသည်။

“တရားရုံးတိုင်း မဟုတ်ပေမယ့် တချို့တရားရုံးတွေက ပုံမှန်စစ်တာထက် တစ်နှစ်ကျော်အောင် ကြာနေတာ ရှိတယ်။ ကလေးသူငယ် အခွင့်အရေး သဘောတူစာချုပ် (CRC) ကို မြန်မာနိုင်ငံက လက်မှတ်ထိုးထားတော့ လိုက်နာရမယ်။ မြန်မြန်နဲ့ ကြန့်ကြာမှုမရှိဘဲ မှန်ကန်စွာ စစ်ဆေးဖို့ ပြဋ္ဌာန်းထားတယ်”ဟု ဦးစစ်မြိုင်ကဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်းရှိ သန်လျင်လူငယ်သင်တန်းကျောင်းမှ ကလေးသူငယ် တရားရုံးနှင့် မြို့နယ် တရားရုံးများတွင် စစ်ဆေးဆဲ ကလေးသူငယ် အမှုပေါင်း ၁၀၀ ကျော်ရှိပြီး မြန်မြန်ပြီးပြတ်စေရေးအတွက် ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေပုဒ်မ ၄၁ (ဂ) အရ ကလေး သူငယ်နည်းဥပဒေ ၇၄ ပါ ပြဋ္ဌာန်းချက်များနှင့် ဆက်စပ် အဖွဲ့အစည်းများနှင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်နေကြောင်း ရန်ကုန် တိုင်းတရားလွှတ်တော်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အမှုတစ်ခုချင်းအလိုက် အမြန်ဆုံး ပြီးပြတ်အောင် နေ့ရက်တွေ လျာထား သတ်မှတ်ပြီးတော့ စစ်ဆေးပေးနေပါ တယ်” ဟု ၎င်းကရှင်းပြသည်။

ထို့အပြင် ကလေးသူငယ်များ၏ အမှုတွဲများသည် လူကြီးအမှုဖြစ်စဉ်ကဲ့သို့ ရှုပ်ထွေးမှုမရှိဘဲ ကလေးငယ် အများစုမှာ ဝန်ခံဖြေကြားပေးသော်လည်း တရားရုံးများအနေနှင့် အလေးအနက်ထား၍ မြန်မြန်ဆန်ဆန် စစ်ဆေးမှုမရှိကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံမှ သိရသည်။

ယခုနှစ်ဧပြီလက ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း၊ သန်လျင် လူငယ်သင်တန်းကျောင်း အပါအဝင် အမျိုးသမီး သက်မွေးပညာသင်ကျောင်းတို့မှ အမှုစစ်ဆေးဆဲဖြစ်သည့် ကလေး ၁၀၅ ဦးကို တွေ့ဆုံမေးမြန်းပြီးနောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်သည်။

ထို့ကြောင့် စစ်ဆေးဆဲ ကလေးသူငယ်များ၏ အမှုကို မြန်မြန်ဆန်ဆန် ပြစ်ဒဏ်ချမှတ်ပေးပါက ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင် ပြုပြင်မှု ခံယူ၍ ကျောင်းပညာရေး အပါအဝင် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားနိုင်ခြင်းကြောင့် ကလေးသူငယ်များ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဖွံ့ဖြိုး တိုးတက်မှု ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံမှ သိရသည်။

J-17